(၃၁-၇-၂၀၂၆၊ ချုံချင့်)
ချုံချင့်မြို့ ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း သည် စီချွမ်းပြည်နယ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၏ ဖိတ်ကြားချက်အရ စီချွမ်းပြည်နယ်၊ မေ့ဆန်းမြို့သို့ လေ့လာရေးခရီးသွားရောက်သည့် Consular and Trade Missions Meishan Tour သို့ လိုက်ပါခဲ့ပါသည်။
အဆိုပါလေ့လာရေးခရီးစဉ်ကို စီချွမ်းပြည်နယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှကြီးမှူး၍ မေ့ဆန်းမြို့ပြည်သူ့အစိုးရနှင့် မေ့ဆန်းမြို့စီးပွားရေးရာဗျူရိုတို့မှ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ချုံချင့်မြို့နှင့် စီချွမ်းပြည်နယ်အခြေစိုက် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးများမှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ မေ့ဆန်းမြို့၏ အဓိကစီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းဆိုင်ရာ စံပြစခန်းများဖြစ်သည့် Yongfeng Village Meishan၊ Tongwei Solar (Meishan) Co., Ltd၊ Meishan New Energy & New Materials Integration Innovation Center နှင့် Meishan San Su Shrine Museum တို့သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
လေ့လာရေးခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ မေ့ဆန်းမြူနီစီပယ်ကော်မတီအတွင်းရေးမှူး Mr. Zhang Daoping သည် နိုင်ငံခြားကောင်စစ်ဝန်ချုပ်များနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးများမှ ကိုယ်စားလှယ်များအား လက်ခံတွေဆုံ၍ စီချွမ်းပြည်နယ်၊ မေ့ဆန်းမြို့နှင့်ပတ်သက်သည့် အချက်အလက်များ၊ နှစ်ဦးနှစ်ဖက်တို့အကြား ချစ်ကြည်ရင်းနှီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင်လေ့လာရေးခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ မေ့ဆန်းမြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန် Ms. Dai Linli က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စီချွမ်းပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wu Ge၊ ချန်ဒူးမြို့အခြေစိုက် နီပေါနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Suresh Raut၊ ချီလီနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Cristian Davis နှင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့က အသီးသီးအမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များက စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် အစည်းအဝေးနှင့် ဆွေးနွေးပွဲတွင် ဆွေးနွေးရာ၌ ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာနိုင်ငံနှင့် စီချွမ်းပြည်နယ် မေ့ဆန်းမြို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ချိတ်ဆက်ပေးသည့် တံတားတစ်စင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရဌာနများ၊ စီးပွားရေးအသိုက်အဝန်းများ၊ တက္ကသိုလ်များနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများအကြား ဖလှယ်မှုများကို လွယ်ကူချောမွေ့စေရန်နှင့် နှစ်ဖက်အပြန်အလှန် အကျိုးစီးပွားရှိသည့် နယ်ပယ်အားလုံးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် အဆင့်ဆင့်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မေ့ဆန်းမြို့မှ ခေါင်းဆောင်များနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်စက်မှုလုပ်ငန်းအသီးသီးတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။

