ကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ မြန်မာနိုင်ငံ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း

(၂၈-၂-၂၀၂၆၊ နန်နင်း)

ကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ မြန်မာနိုင်ငံ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့၊ (၁၈၃၀) နာရီမှ (၂၀၃၀)နာရီအထိ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Grand Metro Park Hotel ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Lu Xinning (ဒုတိယဝန်ကြီးအဆင့်)မှ အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ကာ ကွမ်ရှီးဒေသနိုင်ငံခြားရေးရုံးနှင့် အခြားအစိုးရဌာနများမှ အကြီးအကဲများ၊ နန်နင်းမြို့ ဒုတိယ မြို့တော်ဝန်၊ နန်နင်းမြို့နိုင်ငံခြားရေးရုံးနှင့် အခြားအစိုးရဌာနများမှ အကြီးအကဲများ၊ ကွမ်တုန်းပြည်နယ်နိုင်ငံခြားရေးရုံးနှင့် အစိုးရဌာနများမှ အကြီးအကဲများ၊ ကွမ်ရှီးဒေသရှိမြို့များ၏ နိုင်ငံခြားရေးရုံးများမှ အကြီးအကဲများ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံး၊ ကွမ်ရှီးဒေသနှင့် ကွမ်တုန်းပြည်နယ်တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးမြှင့်တင်မှုကောင်စီတို့မှ အကြီးအကဲများ၊ နန်နင်းမြို့နှင့် ကွမ်ကျိုးမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ တက္ကသိုလ်များ၊ ဆေးရုံများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ သတင်းစာနယ်ဇင်းများ၊ မီဒီယာများ၊ မြန်မာပြည်ဖွားတရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသား ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၂၀၀) နီးပါး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီးဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Lu Xinning တို့မှ မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပါသည်။ ကောင်စစ်ဝန်ချုပ်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းအကျဉ်းချုပ်၊ ၂၀၂၅ ခုနှစ် အထွေထွေရွှေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်နေသည့် မူဝါဒများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာ-ကွမ်ရှီးဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ဉာဏ်ရည်တုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အလားအလာများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

ကွမ်ရှီးဒေသဒုတိယအုပ်ချုပ်ရေးမှူး Ms. Lu Xinning မှ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ တွင် ကွမ်ရှီး-မြန်မာဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု၊ ကွမ်ရှီးဒေသမှ အကောင် အထည်ဖော်နေသည့် စီမံကိန်းများ၊ မူဝါဒများနှင့် နယ်ပယ်အသီးသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးနှင့် ကုန်သွယ်ရေးတိုးတက်မှုအခြေအနေတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် အဓိကဧည့်သည်တော်များက စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ အခမ်းအနားတွင် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်း ဗီဒီယို၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဗီဒီယိုများ ပြသခဲ့ပြီးနောက် နန်နင်းမြို့ရှိ မြန်မာ ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ယဉ်ကျေးမှုအကအလှဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ထို့ပြင် မြန်မာရိုးရာအစားအစာ မုန့်ဟင်းခါးအပါအဝင် စားသောက်ဖွယ်ရာများ တည်ခင်းဧည့်ခံခဲ့သည့်အပြင် မြန်မာ့ထွက်ကုန်ဖြစ်သည့် မြန်မာဘီယာကိုလည်း တည်းခင်းခဲ့ကြောင်း သိရှိရပါသည်။