ကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၌ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပ(၁၅-၄-၂၀၂၃ ရက်)

(၁၅-၄-၂၀၂၃ ရက်၊ ကူမင်း)

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ၁၅-၄-၂၀၂၃ ရက် (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး ပရဝုဏ်အတွင်း ကျင်းပခဲ့ပါသည်။ နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင် ပွဲတော်အခမ်းအနားသို့ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူချုပ် မစ္စတာလီချန်းယန်၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ  ဒုတိယညွှန်ကြား ရေးမှူးချုပ် မစ္စတာယန်ရှောက်ချန်းနှင့် တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဇနီးများနှင့်  သံတမန်များ၊ ယူနန်ပြည်နယ် တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်သား/ ကျောင်းသူများ၊ ယူနန်တက္ကသိုလ် မြန်မာစာ သင်ကြားရေးဌာနမှ ဆရာ၊ဆရာမများ၊ ကူမင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ကောင်စစ်ဝန်ချုပ်ရုံးအရာထမ်း/အမှုထမ်း မိသားစုများမှ ပါဝင် ဆင်နွှဲခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ နှစ်သစ်ကူးအမှာစကားနှင့် နှစ်သစ်ကူး ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများမှ သင်္ကြန်အဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော၊ အကြော်စုံ စသည်တို့အပြင် အခြားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ရေသဘင်ပွဲကို  ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်းသိရှိရပါသည်။