ကူဝိတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား အာဆီယံကော်မတီမှ ဧည့်ခံသည့် အလွတ်သဘောညစာစားပွဲသို့ မြန်မာသံအမတ်ကြီးပါဝင်တက်ရောက်

အာဆီယံကော်မတီကူဝိတ် (ASEAN Committee in Kuwait – ACK) သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကူဝိတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Songchai Chaipatiyut ၏ နေအိမ်၌ အလွတ်သဘောညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ညစာစားပွဲကို ACK ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး Mr. Sulaini Said က ဦးဆောင်စီစဉ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာတာဝန်ခံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nawaf AbdulatifSulaiman Al-Ahmed ကို ACK အနေဖြင့် ဂုဏ်ပြုမိတ်ဆက် ဧည့်ခံခဲ့ခြင်းဖြစ်ပါသည်။

အထက်ပါ ညစာစားပွဲအခမ်းအနားသို့ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချမ်းအေးသည် အခြားသောအာဆီယံနိုင်ငံများ၏ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါညစာစားပွဲတွင် အာဆီယံနှင့် ကူဝိတ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး၊ မိတ်ဖက်ဆက်ဆံရေးခိုင်မာရေးနှင့် ဒေသအတွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ကူဝိတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ကူဝိတ်ရှိ အာဆီယံသံရုံးအကြီးအကဲတို့အကြား အလွတ်သဘော အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ ညစာစားပွဲ၌ ဧည့်သည်တော်များကို ကူဝိတ်ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ စီစဉ်ပံ့ပိုးထားသည့် သက်ဆိုင်ရာနိုင်ငံ၏ ရိုးရာနှင့် လူကြိုက်များသည့် ဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။

မြန်မာသံရုံး၊ ကူဝိတ်မြို့

၁၉-၆-၂၀၂၆။