ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ၂၀၂၆ ခုနှစ် ယူနန်ပြည်နယ် နိုင်ငံတကာလူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ခြင်း

(၃၀-၉-၂၀၂၆၊ ကူမင်း)

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် ၂၉-၉-၂၀၂၆ ရက်က ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ယူနန်ပြည်နယ် နိုင်ငံတကာလူငယ်နှီးနှောဖလှယ်ပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ် ယူနန်ပြည်နယ် နိုင်ငံတကာလူငယ်နှီးနှောဖလှယ်ပွဲတွင် ယူနန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၌ ပညာသင်ကြားလျက်ရှိသည့် တရုတ်နိုင်ငံနှင့် နိုင်ငံတကာကျောင်းသားများအကြား ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခြင်း၊ ယူနန်ပြည်နယ်ရှိ ပညာရေးနှင့် လူငယ်ရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များနှင့် ကျောင်းသားလူငယ်များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းများအပြင် နိုင်ငံတကာယဉ်ကျေးမှုဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ် ယူနန်ပြည်နယ် နိုင်ငံတကာလူငယ်နှီးနှောဖလှယ်ပွဲသို့ ယူနန် ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ယူနန်ပြည်နယ်ပြည်သူပြည်ပချစ်ကြည်ရေးအသင်း၊ ယူနန်ပြည်နယ် မျိုးဆက်သစ်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ တရုတ်ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ယူနန်ပြည်နယ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ တက်ရောက်ခဲ့ကြပြီး ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား ကျောင်းသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။