ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်က (၁၄) ကြိမ်မြောက် လန်ချန်း–မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

(၂၉-၁၀-၂၀၂၆၊ ကူမင်း)

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ၂၈-၁၀-၂၀၂၆ ရက်တွင် စစ်ဆောင်ပန်နားစီရင်စု၊ ကျင်ဟုန်မြို့၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် လန်ချန်း–မဲခေါင် မြစ်ဝှမ်းနိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ယင်းနေ့ ညနေပိုင်းတွင် ကောင်စစ်ဝန်ချုပ်သည် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ သံတမန်များနှင့်အတူ စစ်ဆောင်ပန်နားစီရင်စု ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး မစ္စတာတောင်းဝမ်နှင့် Empark Grand ဟိုတယ်၌ တွေ့ဆုံခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကာ ကြိုဆိုညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ထို့နောက် မန့်ထင်တော်ဝင်ဥယျာဉ်ဇာတ်ရုံ၌ ကျင်းပသည့် ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ဆောင်ပန်နားစီရင်စု ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာမာကျစ်ကန်းက အမှာစကားပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်သည် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် လန်ချန်း–မဲခေါင်မြစ်ဝှမ်း ခြောက်နိုင်ငံမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့မှ “မင်္ဂလာပါ” အကဖြင့် ပါဝင်ဖျော်ဖြေခဲ့ပါသည်။