(၆-၁၀-၂၀၂၆၊ ကူမင်း)
ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်တိုင်နှင့် ဂျိန်းဖောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွှေလီမြို့ရှိ ရွှေလီအပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုနှင့် အားကစားစင်တာ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရွှေလီမြို့ ပထမအကြိမ် ရွှေလီမြစ်ဖလား အားကစားပြိုင်ပွဲများ ပိတ်ပွဲအခမ်းအနားနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အသင်းများအား ဆုများချီးမြှင့်ခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ခြင်းလုံးအားကစားပြိုင်ပွဲ ချန်ပီယံအသင်းအား ဆုချီးမြှင့်ခဲ့ပါသည်။
ထို့နောက် တရုတ်နှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်များ၏ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာဖျော်ဖြေတင်ဆက်မှုများ ပါဝင်သည့် တရုတ်-မြန်မာ ယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲကို ကျင်းပခဲ့ပါသည်။ ယခုကျင်းပသည့် ရွှေလီမြစ်ဖလား အားကစားပြိုင်ပွဲများသည် အားကစားကို ပေါင်းကူးတံတားတစ်ရပ်အဖြစ် အသုံးပြု၍ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် နယ်စပ်ဒေသများအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲများတွင် တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။



