ကုသိနာရုံ မြန်မာကျောင်းထိုင်ဆရာတော်နှင့် ပရဒေသီသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ကြီး၏ အန္တိမဈာပန အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၁-၁၁-၂၀၂၅ ရက်၊ ကုသိနာရုံမြို့)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ပရဒေသီ သံဃနာယကအဖွဲ့၏ ဖိတ်ကြားချက်အရ ၁၀-၁၁-၂၀၂၅ ရက်မှ ၁၁-၁၁-၂၀၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ် ပြည်နယ်၊ ကုသိနာရုံမြန်မာကျောင်းတိုက်၌ ကျင်းပသော ကုသိနာရုံ မြန်မာကျောင်းထိုင် ဆရာတော်နှင့် ပရဒေသီသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အဘိဓဇဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိဿရ၏ အန္တိမဈာပန အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

ဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏိဿရသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော် မူရင်း သက်တော် ၉၀ နှစ်၊ ဝါတော် ၇၀ ဝါတွင် အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ လပ်ခနောင်းမြို့ရှိ Medanta ဆေးရုံ၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ရဟန်းရှင်လူပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ကုသိ နာရုံ မြန်မာကျောင်း၌ ၃၁-၁၀-၂၀၂၅ ရက်မှ ၁၀-၁၁-၂၀၂၅ ရက်အထိ ပူဇော်ထားရှိခဲ့ပါသည်။

ဈာပနအခမ်းအနား ကျင်းပနေစဉ်အတွင်း မြန်မာသံအမတ်ကြီး ဦးဇော်ဦး က သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာဖတ်ကြားခဲ့ခြင်း၊ မြန်မာသံရုံး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးနှင့် ကော်လ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ ကိုယ်စား အလှူငွေများ ပရဒေသီသံဃနာယကအဖွဲ့သို့ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဈာပနအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီး များ ကြွရောက်တော်မူကြပြီး အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် နှင့် အကြီး အကဲများ၊ ဒါယကာဒါယိကာမများ၊ ရဟန်းသံဃာများနှင့် သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများ (၂၀၀၀၀) ခန့် တက်ရောက်ပူဇော်ခဲ့ကြပါသည်။

ထို့ပြင်ဆရာတော်ကြီး၏ ဩဝါဒနှင့်အညီ ဆောင်ရွက်သည့် ကုသိနာရုံမြန်မာကျောင်းရှိ ပါဠိဌာန မုဒ်ဦး ဖွင်ပွဲအခမ်းအနားနှင့် နဂါးရုံဘုရားဖွင့်ပွဲအခမ်းအနားတို့ကို ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ၁၁-၁၁-၂၀၂၅ ရက်နေ့ တွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကုသိနာရုံမြို့အတွင်း အိန္ဒိယရိုးရာ အရ လှည့်လည်ပင့်ဆောင်အပူဇော်ခံခဲ့ပြီး၊ ယင်းနေ့ (၁၅:၀၀) နာရီတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကုသိနာရုံမြန်မာကျောင်းတိုက်အတွင်း၌ အဂ္ဂိဈာပနတေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြပါသည်။