ကုသိနာရုံမြန်မာကျောင်းတိုက်ကြီး၏ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒက ၏ စီစဉ်ကျင်းပမှုဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားကို ၁-၅-၂၀၂၆ ရက်နေ့တွင် ကုသိနာရုံရှိ မြန်မာကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ တာဝန်ရှိသူများနှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်ခဲ့ ပါသည်။
အခမ်းအနား မစတင်မီ ဆရာတော်မှ ဩဝါဒကထာ ချီးမြှင့်ပြီး ကိုးပါးသီလခံယူ ဆောက် တည်ကြကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်ခဲ့ကြပါသည်။ ကုသိ နာရုံရှိ ဘုရားပရဝုဏ်ရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းခဲ့ပြီး မြန်မာသံအမတ်ကြီးမှ ဗုဒ္ဓနေ့အခမ်းအနားအား ပူဇော်ခြင်းနှင့်ပတ်သက်၍ လျှောက်ထားခဲ့ပါသည်။
အဆိုပါအခမ်းအနားများသို့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ ခရီးသွားလာမှုနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဆရာတော်၊ သံဃာတော်များ၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့များနှင့် ဧည့်သည်တော်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။





