မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့သည် ၂၉-၄-၂၀၂၆ ရက်တွင် ဗီယင်နာ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကုလသမဂ္ဂ အမျိုးသမီးများအသင်း (ဗီယင်နာ) က ကြီးမှူးကျင်းပ သော အပြည်ပြည်ဆိုင်ရာ နေ့လယ်စာဈေးရောင်းပွဲတော်တွင် မြန်မာအစားအစာများကို ရောင်းချလှူဒါန်းခဲ့ပါသည်။
အဆိုပါပွဲတော်တွင် မြန်မာအဖွဲ့ရုံးက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထား သည့် မြန်မာ့သနပ်ခါး လိမ်းခြယ်သည့် ရိုးရာယဉ်ကျေးမှုကိုလည်း မိတ်ဆက်ပြသခဲ့ပါသည်။
ကုလသမဂ္ဂ အမျိုးသမီးများအသင်း (ဗီယင်နာ) သည် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ပရဟိတအဖွဲ့အစည်းဖြစ်ပြီး၊ လက်ရှိ နိုင်ငံပေါင်း (၁၀၀) ကျော်မှ အဖွဲ့ဝင် (၅၀၀) ခန့်ပါဝင် ကြောင်း၊ အသင်းအဖွဲ့ဝင်များမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမျိုးသမီးဝန်ထမ်းများနှင့် ဇနီးများဖြစ်ကြပြီး၊ အခကြေးငွေ မယူဘဲ စေတနာ့ဝန်ထမ်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံး၊ ဗီယင်နာမြိုအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အကူအညီလိုအပ်နေသော ကလေးသူငယ်များ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးရန်ပုံငွေအတွက် ကုလသမဂ္ဂ အမျိုးသမီးများအသင်း (ဗီယင်နာ) က နှစ်စဉ်ကျင်းပလေ့ရှိသော ဈေးရောင်းပွဲတော်များတွင် တက်ကြွစွာ ပါဝင်ရောင်းချ လှူဒါန်းလျက်ရှိပါသည်။



