ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးကော်မတီ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးအစီရင်ခံစာအပေါ် သုံးသပ်မှုအစည်းအဝေး ပြုလုပ်

(၃-၉-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးကော်မတီ (Committee on the Rights of Persons with Disabilities – CRPD) ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးအား ၂၆-၈-၂၀၁၉ ရက်မှ ၂၀-၉-၂၀၁၉ ရက်အထိ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ မသန်စွမ်းသူများ အခွင့်အရေးကော်မတီသို့ တင်သွင်းခဲ့သည့် ကနဦး အစီရင်ခံစာအပေါ် သုံးသပ်မှုအား ၂၈-၈-၂၀၁၉ ရက်နှင့် ၂၉-၈-၂၀၁၉ ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သုံးသပ်မှု အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဦးဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် ဂျီနီဗာမြို့၊ မြန်မာအဖွဲ့ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာစာချုပ် (Convention on the Rights of Persons with Disabilities) ကို ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကာ ကနဦး အစီရင်ခံစာကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက တင်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးအစီရင်ခံစာအပေါ် သုံးသပ်မှု ပထမရက်အား ၂၈-၈-၂၀၁၉ ရက်တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကျော်မိုးထွန်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာတွင် ယနေ့ အစည်းအဝေးတွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းအား မြန်မာနိုင်ငံမှ အကောင်အထည်ဖော်နေမှုများကို ရှင်းလင်းပြောကြားရန်သာမကဘဲ ကော်မတီအဖွဲ့ဝင်များထံမှ အတွေ့အကြုံကောင်းများနှင့် အကြံပြု တိုက်တွန်းချက်များကိုလည်း လေ့လာလိုပါကြောင်း၊ အခက်အခဲများ ရင်ဆိုင်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း၊ လက်ရှိ အရပ်သားအစိုးရအနေဖြင့် ပြည်သူများအတွက် တရားမျှတသည့် အသိုက်အဝန်း ဖန်တီးပေးနိုင်ရေး အစိုးရအဖွဲ့အစည်းများအား ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် တရားဥပဒေစိုးမိုးရေး ခိုင်မြဲစေရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် မသန်စွမ်းသူများ အခွင့်အရေးစာချုပ်အပြင် လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များအနက်မှ အခြားကွန်ဗင်းရှင်း သုံးခုနှင့် နောက်ဆက်တွဲ စာချုပ်တစ်ခုတို့ကိုလည်း အဖွဲ့ဝင်အဖြစ် အတည်ပြု ပါဝင်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ အစီရင်ခံစာ တင်သွင်းခြင်း အပါအဝင် အဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် အားထုတ်ကြိုးပမ်းလျက် ရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေဖြင့် စွမ်းဆောင်ရည် အကန့်အသတ်ရှိခြင်း အပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပါကြောင်း၊ ယခုဆွေးနွေးပွဲမှတစ်ဆင့် မသန်စွမ်းသူများ၏ ဘဝ သာယာကောင်းမွန်စေရေးအတွက် နည်းလမ်းများကို ရှာဖွေနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ စုပေါင်းအားဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကိုယ်ခွဲခေါင်းဆောင်ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေများနှင့် ယင်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံအတွင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီများနှင့် ယင်းကော်မတီများ၏ လုပ်ငန်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဖွဲ့စည်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်နေမှုများ၊ မသန်စွမ်းသူများ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ပြည်တွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံအဆင့်တွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့တွင် မသန်စွမ်းသူများနှင့် မသန်စွမ်းသူများဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများ စသည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ Mr. Jun Ishikawa က မိန့်ခွန်းပြောကြားပြီးနောက် အပြန်အလှန်ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့ရာ မသန်စွမ်းသူများအခွင့်အရေး ကော်မတီအဖွဲ့ဝင်များမှ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦး အစီရင်ခံစာအပေါ် အခြေခံ၍ ဆက်စပ်မေးခွန်းများကို မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာစာချုပ်၏ အခန်းများအနက် အပိုင်း (၃) ပိုင်းခွဲ၍ မေးမြန်းခဲ့ကြပါသည်။

ကော်မတီအဖွဲ့ဝင်များက မသန်စွမ်းသူများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုအသိုက်အဝန်းတွင် ခွဲခြားခံရမှု အခြေအနေ၊ အများပြည်သူအား မသန်စွမ်းသူများ အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေးမှု၊ မသန်စွမ်းသူ အမျိုးသမီးများနှင့် ကလေးများကိစ္စ၊ မသန်စွမ်းသူများအား အမျိုးအစားခွဲခြား၍ မှတ်ပုံတင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်သည့်ကိစ္စ၊ တရားဥပဒေအရ အကာအကွယ်ပေးမှုနှင့် တရားစွဲဆိုနိုင်မှု အခြေအနေ၊ ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် ဖော်ပြပါရှိသည့် မသန်စွမ်းမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြင်ဆင်မှု အခြေအနေ၊ အမျိုးသမီး၊ မိန်းကလေးနှင့် ယောက်ျားလေးများအား လိင်အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကာကွယ်ဆောင်ရွက်မှု အခြေအနေများ၊ အများပြည်သူ အသုံးပြုသည့် ပို့ဆောင်ရေး လုပ်ငန်းများတွင် မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှု၊ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြပါသည်။

ကော်မတီဝင်များ မေးမြန်းသည့် မေးခွန်းများအပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့က ပြန်လည် တုံ့ပြန်ရာတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေမှုများ၊ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရန် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မွေးစာရင်း မှတ်ပုံတင်ခြင်းကိစ္စ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိုင်တွယ်ဖြေရှင်းမှုများ၊ ကျား-မ တန်းတူအခွင့်အရေး၊ လူကုန်ကူးခံရသည့် အမျိုးသမီးများအတွက် ယာယီခိုလှုံသည့် ဂေဟာများ၊ one-stop crisis centre ဖွင့်လှစ်မှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးပံ့ပိုးမှု ဝန်ဆောင်မှုများ၊ မသန်စွမ်းသူများဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲစဉ်တွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍ၊ မသန်စွမ်းသူများ အခွင့်အရေးကို အများပြည်သူ ပိုမို သိရှိနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ အနာကြီးရောဂါ ခံစားရသူ၊ ဉာဏ်ရည်ချို့တဲ့သူ အပါအဝင် မသန်စွမ်းသူများအတွက် ၂၀၁၅ ဥပဒေအရ အကာအကွယ် ပေးထားမှု၊ ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ အခွင့်အရေးဥပဒေ ပြန်လည်သုံးသပ်ရန် ပြင်ဆင်မှု၊ မသန်စွမ်းသူများအတွက် ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှု၊ မသန်စွမ်းသူများအတွက် အိမ်တိုင်ရာရောက် မှတ်ပုံတင်ပြုလုပ်သည့် ဝန်ဆောင်မှုများ၊ အခြေခံပညာ ကျောင်းသင်ရိုး ညွှန်းတမ်းသစ်တွင် မသန်စွမ်းသူများ အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေးမှုများ၊ မသန်စွမ်းသူများ အသုံးပြုနိုင်သည့် ဘေးအန္တရာယ် ကြိုတင်အသိပေးသည့် စနစ်၊ ဥပဒေပြင်ဆင်ရေးနှင့် မသန်စွမ်းသူများနှင့် ဆက်စပ်သည့် ဉပဒေမူကြမ်းများ ရေးဆွဲလျက်ရှိသည့်ကိစ္စ၊ မိန်းကလေးနှင့် အမျိုးသမီး မသန်စွမ်းသူများအတွက် စောင့်ရှောက်ရေးဂေဟာများ၊ မသန်စွမ်းသူများအခွင့်အရေး ဥပဒေနှင့်ပတ်သက်သည့် သိကောင်းစရာ အချက်အလက်များကို ဖြန့်ဝေမည့်ကိစ္စ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မသန်စွမ်း လုပ်ငန်းရှင်များ၊ မသန်စွမ်းသူများအား အလုပ်ပေးသည့် လုပ်ငန်းရှင်များတွက် အခွန်လျော့ပေါ့ခြင်းကိစ္စများ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်း အားကစားသမားများ ပါဝင်မှု၊ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် လက်သင်္ကေတ ဘာသာစကားကို ဘာသာစကား စံနှုန်းမီစေရေး စသည့် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စများနှင့် မသန်စွမ်းသူများအဖွဲ့မှ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က နိဂုံးချုပ်မိန့်ခွန်း ပြောကြားရာတွင် အစည်းအဝေး ၂ ရက်အတွင်း ဆွေးနွေးမှုများသည် မသန်စွမ်းသူများ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးမပါဘဲ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ရရှိရန် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများ၊ အရင်းအမြစ် ကန့်သတ်ချက်များ ရှိကြောင်း၊ သို့ရာတွင် မသန်စွမ်းသူများ အခွင့်အရေးအတွက် စိတ်ရင်းဆန္ဒဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ မသန်စွမ်းသူဉီးရေ ၂ သန်းကျော်အတွက် အတားအဆီးများ၊ ကန့်သတ်မှုများကို ဖယ်ရှားရန် ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းခြင်းမှ စွမ်းဆောင်နိုင်ခြင်းသို့ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်များတွင် ပါဝင်ကူညီပံ့ပိုးရန် မေတ္တာရပ်ခံကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အရပ်ဖက်နှင့် အစိုးရမဟုတ်သည့် မသန်စွမ်းသူများ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။