(၂၂-၁၁-၂၀၂၂ ရက်၊ ဂျီနီဗာ)
ကုလသမဂ္ဂအမျိုးသမီးများ အသင်း (United Nations Women’s Guild – UNWG) မှ ကြီးမှူးလျက် ကမ္ဘာတစ်ဝှမ်းရှိ ချို့တဲ့သည့် ကလေးသူငယ်များအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အဦ၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် ကုလ သမဂ္ဂစျေးရောင်းပွဲ (UNWG-International Bazaar) ကို ၂၂-၁၁-၂၀၂၂ ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၆:၃၀) နာရီအထိ ကျင်းပခဲ့ရာ မြန်မာအဖွဲ့ရုံး၊ ဂျီနီဗာမြို့မှ အမျိုးသား ယဉ်ကျေးမှု ဆိုင်ခန်း (National Stall) နှင့် အစားအသောက်ဆိုင်ခန်း (Restaurant Stall) နှစ်မျိုးဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။
ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံး၏ ညွှန်ကြားရေးမှူးချုပ် Ms. Tatiana Valovaya၊ ကုလသမဂ္ဂ အမျိုးသမီးများအသင်း ဥက္ကဋ္ဌ Ms. Niloufar Rafi-Kian Bouabid နှင့် အိန္ဒိယအမြဲတမ်း ကိုယ်စားလှယ်၏ ဇနီး Mrs. Shushma PANDEY တို့မှ အဖွင့် အမှာစကားအသီးသီး ပြောကြားကာ စျေးရောင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုဆိုင်ခန်းတွင် မြန်မာမှု ရွှေချည်ထိုးငွေချည်ထိုးပစ္စည်း များ၊ မြန်မာ့တွင်းထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ အသုံး အဆောင်များအပါအဝင် မြန်မာချည်ထည်တို့ကို ရောင်းချခဲ့ပြီး၊ ရိုးရာအစားအသောက် ဆိုင်ခန်းတွင် မြန်မာ့အစားအစာ အုန်းနို့ခေါက်ဆွဲနှင့် သာကူတို့ကို ရောင်းချခဲ့ပါသည်။ မြန်မာအဖွဲ့ရုံးသည် ဈေးရောင်းပွဲမှ ရရှိသည့် အမြတ်ငွေ ဆွစ်ဖရန့် ၄၅၀ ကို UNWG သို့ လှူဒါန်းခဲ့ပါသည်။
မတူကွဲပြားသည့်လူမျိုးနှင့် ယဉ်ကျေးမှုနောက်ခံဖြင့် အမျိုးသမီးများအကြား ချစ်ကြည် ရင်းနှီးမှုနှင့် နားလည်မှုပိုမို မြှင့်တင်နိုင်ရေး ရည်ရွယ်၍ ကုလသမဂ္ဂအမျိုးသမီးများအသင်းကို ၁၉၇၀ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး အကျိုးအမြတ်ရှေးမရှုသော ပရဟိတအဖွဲ့အစည်းတစ်ခု (non-profit organization) ဖြစ်ကြောင်း သိရှိရပါသည်။







