ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးမှ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံးအခြေအနေအား နှုတ်ဖြင့်ရှင်းလင်းတင်ပြမှုနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြန်လည် ရှင်းလင်းတုံ့ပြန်ပြောကြားခဲ့ခြင်း

(၁၂-၉-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)

ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံးအခြေအနေအား နှုတ်ဖြင့် ရှင်းလင်းတင်ပြမှု အစီအစဉ် (Oral Update)နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism-IIM) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၉-၉-၂၀၁၉ ရက်နှင့် ၁၀-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူသားအားလုံး လူ့အခွင့်အရေး ရရှိစေရေးအတွက် မျှတ၍ အပြုသဘောဆောင်ပြီး လက်တွေ့ကျသည့် ယန္တရားများဖြင့် နိုင်ငံတကာ၏ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အရေးတကြီး လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်ပါ ရည်ရွယ်ချက်များ၊ အခြေခံမူများကို လိုက်နာရန် လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး၊ လူတိုင်းပါဝင်မှုရှိခြင်း (Universality)၊ ဘက်လိုက်မှုမရှိခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း စသည့် အခြေခံမူများကို ချိုးဖောက်ကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် နိုင်ငံများ၏ ပြည်တွင်း အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် အရေးယူခြင်းများကို ရှောင်ကြဉ်သင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က အချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission-FFM) အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၊ ကုန်သည်ကြီးများအသင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ UEHRD နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် မြန်မာတစ်နိုင်ငံလုံး၏ ထူးထူးကဲကဲ ပြင်းထန်သည့် ကန့်ကွက်မှုများရှိကြောင်းနှင့် လူ့အခွင့်အရေးကောင်စီအနေဖြင့် ၎င်း၏လုပ်ငန်းတာဝန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ရပ်တည်မှုအကြား ဘက်လိုက်မှုမရှိဘဲ မျှတစွာ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

မကြာသေးမီကပြုလုပ်ခဲ့သည့် CEDAW ကော်မတီနှင့် CRDP ကော်မတီတို့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများအပါအဝင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် မြန်မာနိုင်ငံအနေဖြင့် ၎င်း၏တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (Optional Protocol to the Convention on the Rights of Child) ကို မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းနှင့် ရှေ့လာမည့်နှစ်တွင် UPR လုပ်ငန်းစဉ်အောက်တွင် တတိယအကြိမ် အမျိုးသားအစီရင်ခံစာကို တင်သွင်းသွားရန်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က “UPR ယန္တရားများကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံကြောင်း” ၊ “UPR မှတစ်ဆင့် နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို အပြုသဘောဆောင်၍ ဘက်လိုက်မှုကင်းစွာ သုံးသပ်နိုင်ကြောင်း”၊ “နိုင်ငံတိုင်းတွင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများရှိကြောင်းနှင့် မြန်မာနိုင်ငံသည် ချွင်းချက် ဖြစ်မနေကြောင်း” ပြောကြားခဲ့ပြီး၊ နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ပံ့ပိုးမှုများပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

IIM နှင့်အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေးအပေါ် မြန်မာနိုင်ငံ၏ ခိုင်မာသည့် ရပ်တည်ချက်၊ အရေးယူဆောင်ရွက်မှုနှင့် ကတိကဝတ်တို့ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပြီး၊ စံနှစ်မျိုးထားရှိမှု၊ နိုင်ငံရေးအသွင်ပြုလုပ်မှု၊ ဘက်လိုက်မှုနှင့် ရွေးချယ်ဆက်ဆံမှုတို့ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးအပေါ် အမှန်တကယ်စိုးရိမ်ပူပန်မှုနှင့် နိုင်ငံရေးသွတ်သွင်းမှုတို့၏ ကွာခြားမှုကို အပြည့်အဝနားလည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က FFM နှင့် IIM တို့ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထပ်လောင်းပြောကြားရာတွင် FFM ၏ အစီရင်ခံစာများသည် ချို့ယွင်းချက်များရှိပြီး နိုင်ငံရေးသွတ်သွင်းမှုများရှိကြောင်းနှင့် အစီရင်ခံစာတွင် လုံခြုံရေးဝန်ထမ်းများ၊ ရာပေါင်း များစွာသော ဟိန္ဒူရွာသူရွာသားများ၊ အခြားတိုင်းရင်းသားလူနည်းစုနှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မွတ်စလင်များအပါအဝင် အပြစ်မဲ့ပြည်သူပေါင်းများစွာအား အာဆာအကြမ်းဖက်အဖွဲ့မှ ရက်ရက်စက်စက်ကျူးလွန်မှုများကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်း ထားခြင်းမရှိကြောင်း ထောက်ပြခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က IIM ကို ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံအပေါ် လွန်ကဲစွာ ဖိအားပေးခြင်းနှင့် ခွဲခြားစောင့်ကြည့်ခြင်း၏ နောက်တစ်ဆင့်နည်းလမ်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂရန်ပုံငွေ နည်းပါးနေချိန်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု သက်ဝင်ရှင်သန်နေသည့် မြန်မာနိုင်ငံအပေါ် စောင့်ကြည့်ရန် ယင်းယန္တရား၏ ၂ နှစ်တာကာလအတွက် အမေရိကန် ဒေါ်လာ ၂၆ သန်းကျော် အလဟဿပြုလုပ်ခြင်းနှင့်ပတ်သက်၍ များစွာစိုးရိမ်မိကြောင်း၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်က သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီမှုမရှိဘဲ ယန္တရား တစ်ခုပြီးတစ်ခု ချမှတ်ပြီး ဝင်ရောက်စွက်ဖက်နေခြင်းသည် မြန်မာနိုင်ငံအရေးကိစ္စကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု မှန်သမျှကို လုံးဝလျစ်လျူရှုမနေကြောင်းနှင့် လျစ်လျူရှုနေလိမ့်မည်လည်း မဟုတ်ကြောင်း၊ မူနှင့် ထုံးတမ်းစဉ်လာအရ အပြစ်ပေးအရေးယူမခံရသည့် အစဉ်အလာကိုလည်း လက်မခံကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ တာဝန်ခံမှု တာဝန်ယူမှု ယန္တရားများဖြစ်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) နှင့် စုံစမ်းစစ်ဆေးရေးခုံရုံးတို့ဖြင့် တာဝန်ခံမှု တာဝန်ယူမှုကိစ္စရပ်များကို အစိုးရမှ ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။ ICOE ၏ လုပ်ငန်းတာဝန်များနှင့် ၎င်း၏ ကော့ခ်ဘဇားခရီးစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအပိုင်းတွင် ကိုင်တွယ်ဖြေရှင်းရေး ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်းနှင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ တရားစီရင်မှုခံယူရေး မည်သည့်ကြိုးပမ်းမှုနှင့် ယန္တရားမျိုးကိုမဆို အခိုင်အမာ ကန့်ကွက်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂယန္တရားများနှင့် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကိုလည်း မြန်မာနိုင်ငံမှ လက်ခံကြိုဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

အလုံးစုံချဉ်းကပ်မှုပုံစံဖြင့် နက်နဲရှုပ်ထွေးသည့် ရခိုင်အရေးကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည့် အစိုးရ၏အားထုတ်မှုများကို ထပ်လောင်းပြောကြားခဲ့သည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေး မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးသည် ဦးစားပေးကိစ္စရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် UNDP ၊ UNHCR ၊ အာဆီယံနိုင်ငံများနှင့် ရင်းနှီးသည့် နိုင်ငံများနှင့် ပူးပေါင်း၍ နေရပ်ပြန်လာမည့်သူများအတွက် ပိုမိုသင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေးကို အဟန့်အတားဖြစ်စေရေး ဒုက္ခသည်စခန်းအတွင်း အဖျက်အမှောင့်ပြုလုပ်နေမှုများနှင့် နေရပ်စွန့်ခွာသူများ၏ အတိဒုက္ခ အခြေအနေအပေါ် အသုံးချမှုများအပါအဝင် များစွာသော အတားအဆီးများရှိကြောင်း၊ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ချောမွေ့အောင်မြင်သည့် ပြန်လည်လက်ခံရေးဖြစ်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးထားသည့် စာချုပ်များအား တိကျစွာ လိုက်နာပြီး၊ စစ်မှန်သည့် နိုင်ငံရေးဆန္ဒနှင့် ကြိုးပမ်းမှုများစွာ လိုအပ်ကြောင်းဖြင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အလေးအနက် ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေးအပေါ် အမှန်တကယ် ကာကွယ်လိုသည့်ဆန္ဒ (သို့မဟုတ်) နိုင်ငံရေးအကြောင်းပြချက်ဖြင့် လူ့အခွင့်အရေးကိစ္စကို ခုတုံး လုပ်လိုသည့်ဆန္ဒ စသည့် နောက်ကွယ်မှ ရည်ရွယ်ချက်ကို ခွဲခြားသိရှိရန် လူ့အခွင့်အရေးကောင်စီကို မေတ္တာရပ်ခံလိုကြောင်း၊ သိမ်မွေ့သည့် ရခိုင်အရေးကိစ္စကို ဖြေရှင်းရာတွင် မှန်ကန်မျှတမှုရှိပြီး၊ အပြုသဘောဆောင်သည့် ပံ့ပိုးမှုများကို လိုအပ်ကြောင်းနှင့် မလိုမုန်းထားမှုဖြင့် ခွဲခြားစောင့်ကြည့်စစ်ဆေးမှုနှင့် နိုင်ငံရေး ဖိအားပေးမှုများသည် မြန်မာနိုင်ငံ၏ ကြိုးပမ်းနေမှုများအပေါ် အထောက်အကူမပြုကြောင်း ပြောကြားခဲ့သည်။ နိဂုံးချုပ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရင်းနှီးသောမိတ်ဆွေများနှင့် မိတ်ဖက်နိုင်ငံများ၏ ပံ့ပိုးမှုနှင့် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ခိုင်မာစွာ အမြစ်တွယ်ရေးအတွက် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံနှင့်အတူတကွ လက်တွဲဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းအား ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။