(၂၄-၈-၂၀၂၆၊ ကိုလံဘို)
ကိုလံဘိုမြို့အခြေစိုက် အာဆီယံသံရုံး/အဆင့်မြင့်ကော်မရှင်ရုံးများ ပူးပေါင်း၍ (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အာဆီယံအစားအစာရက်သတ္တပတ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ၂၁-၈၂၀၂၆ ရက်၊ ၁၉၀၀ နာရီတွင် Cinnamon Lakeside ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် သံရုံးဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး မစ္စတာဗီဂျီတာ ဟဲရတ် က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ကိုလံဘိုမြို့ရှိ အာဆီယံသံရုံးများအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး မစ္စ ထရင် တီ တန်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးနှင့်အတူ ကိုလံဘိုမြို့အခြေစိုက် အာဆီယံ အဖွဲ့ဝင်သံရုံးများဖြစ်သည့် မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် အဆင့်မြင့်ကော်မရှင်နာများက အာဆီယံနေ့အထိမ်းအမှတ် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
အာဆီယံနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသော ဤအထူးရက်သတ္တပတ်ကို ၂၁-၈-၂၀၂၆ ရက်မှ ၂၃-၈-၂၀၂၆ ရက်အထိ ကျင်းပခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအစာများကို တည်ခင်းရောင်းချခဲ့ပါသည်။ မြန်မာအစားအစာများအနေဖြင့် မုန့်ဟင်းခါး၊ ထောပတ်ထမင်း၊ ဆိတ်သားနှပ်၊ ဆနွင်းမကင်း၊ ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် အရှေ့တောင်အာရှဒေသ၏ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ၊ မတူကွဲပြားမှုများနှင့် ထူးခြားသော ရိုးရာအစားအစာ ယဉ်ကျေးမှုနှင့်အရသာများကို တင်ဆက်ပြသနိုင်ခဲ့ပါသည်။




