မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၇-၇-၂၀၂၆ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Kaymany ORABOUNE ကို မြန်မာသံရုံး၊ ဆိုးလ်မြို့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက လာအိုသံအမတ်ကြီး၏ ကိုရီးယားသမ္မတနိုင်ငံသမ္မတထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးစီးခဲ့မှုကို ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း၊ လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံတော်သမ္မတ၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုသည် မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပထမဆုံးသွားရောက်ခဲ့သည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့မှုအပေါ်တွင်လည်းကောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့မှုအပေါ်တွင်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့် လာအိုသံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။


