ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား (၁၅) ကြိမ်မြောက် ပြန်လည်ပို့ဆောင်ပေး

(၂၈-၇-၂၀၂၀ ရက်၊ ဆိုးလ်မြို့)

ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်ထွက်ခွာရမည့် မြန်မာနိုင်ငံသားများအတွက် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ်ကို Corona Virus Disease (COIVD-19) ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တစ်ပတ်လျှင် တစ်ကြိမ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ၂၈-၇-၂၀၂၀ ရက်၊ ၁၆:၃၀ နာရီအချိန်တွင် (၁၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ရာ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၃၇) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၃၀) ဦး၊ အီဂျစ်မှ (၅) ဦး၊ ကနေဒါမှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၅) ဦး၊ ဘယ်လ်ဂျီယံမှ (၄) ဦး၊ အီတလီမှ (၄) ဦး၊ ဟန်ဂေရီမှ (၃) ဦး၊ ဆိုက်ပရပ်မှ (၂) ဦး၊ ဂျပန်မှ (၂) ဦး၊ ဂျာမနီမှ (၁) ဦး၊ သင်္ဘောသား(၁၆) ဦးနှင့် မြန်မာနိုင်ငံမှ လာရောက်ပြီး လေဆိပ်၌ ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၁၁၄) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြပါသည်။

အဆိုပါခရီးစဉ်တွင် လိုက်ပါမည့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသားများနှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် မြန်မာနိုင်ငံသားများ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မဖြစ်စေရေး၊ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။