(၂၂-၁၂-၂၀၂၂ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Lee Jung-Sik ဦးဆောင်သော တာဝန်ရှိသူများနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားများ စေလွှတ်သည့် (၁၆) နိုင်ငံမှ သံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးသည့် EPS Meeting သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ EPS စနစ်အကောင်အထည်ဖော်မှု အခြေအနေ များနှင့် လာမည့် ၂၀၂၃ ခုနှစ်တွင် လုပ်သားဦးရေ တိုးမြှင့်စေလွှတ်နိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် EPS လုပ်သားများစေလွှတ်မှုတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် EPS ဆိုင်ရာ မူဝါဒညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ အပြန်အလှန် နားလည်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ EPS လုပ်သားများစေလွှတ်သည့်နိုင်ငံများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များနှင့် 2030 Busan World Expo လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ ကြပါသည်။
ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် လုပ်သားဦးရေ ၁၁၀,၀၀၀ ဦး ခေါ်ယူသွားမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် EPS အလုပ်သမားများ စေလွှတ်သည့်နိုင်ငံများမှ အလုပ်သမားများ၏ တရားမဝင် နေထိုင်မှုများအား လေ့လာစောင့်ကြည့်လျက်ရှိရာ ယင်းကဲ့သို့ တရားမဝင်နေထိုင်မှုများသည် EPS လုပ်သားများစေလွှတ်သည့် နိုင်ငံများ၏ လုပ်သားစေလွှတ်သည့် ဦးရေ ခွဲတမ်းရရှိမှုကို ထိခိုက်မှုရှိစေမည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီးမှ ထည့်သွင်းပြောကြားသွားကြောင်း သိရှိရပါသည်။




