ကိုရီးယားသမ္မတနိုင်ငံ၊ ဂယောင်းဂီပြည်နယ်၊ ဟွာဆောင်းမြို့တွင် သံမဏိပုံသွင်းစက်ရုံတစ်ခုတွင် တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားမောင်စန်းယုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၌ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက် ကုသနေစဉ် သေဆုံးသွားခဲ့ပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးခဲ့ပြီး ရသင့်ရထိုက်သည့် အခွင့်အရေးများအပြည့်အဝရရှိစေရန် အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးထားသော E9 Friends Law Firm ကုမ္ပဏီတို့နှင့်အတူ လုပ်ဆောင်ပေးခဲ့ပါသည်။ ဈာပနအခမ်းအနားကိုလည်း မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများက လိုက်ပါပို့ဆောင်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ကိုရီးယားနိုင်ငံတွင် နေထိုင်စဉ်ကာလ အတွင်း သွားလာနေထိုင်ရေးကိစ္စများ အဆင်ပြေစေရေး၊ ယာယီဘဏ်အကောင့်ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည့် စာရွက်စာတမ်းကိစ္စရပ်များ ပံ့ပိုးကူညီခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရသင့်ရထိုက်သည်များရရှိရန် ညှိနှိုင်းခြင်းတို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိမှ လိုက်ပါဆောင်ရွက်ပေးခဲ့ပါသည်။
ထို့သို့ဆောင်ရွက်ပေးမှုများကြောင့် ကွယ်လွန်သူမောင်စန်းယု၏ ဇနီးသည် လုပ်သက်ဆုကြေးများ၊ လုပ်ခလစာကျန်ငွေများ၊ အချိန်ပိုကြေးနှင့် ခွင့်ဆုကြေးများ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံငွေများ၊ အသုဘစရိတ်ထောက်ပံ့ငွေများ၊ အလုပ်ရှင်မှပေးအပ်သည့်နစ်နာကြေးများစသည့် ခံစားပိုင်ခွင့် ရှိသည်များကို ပြည့်ပြည့်ဝဝ ကာယကံရှင်ကျန်ရစ်သူဇနီးထံ တိုက်ရိုက်ရရှိခဲ့သည့်အပြင် ရှေ့နေခ ကိုလည်း အနည်းဆုံးနှုန်းထားဖြင့် ရရှိအောင် ညှိနှိုင်းပေးနိုင်ခဲ့ပါသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသည့် တရားဝင်လာရောက် လုပ်ကိုင်နေသူများအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားများအား နှစ်နိုင်ငံတည်ဆဲ ဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။






