(၁၆-၉-၂၀၂၂ ရက်၊ ဆိုးလ်မြို့)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် (၁၅-၉-၂၀၂၂) ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျေဂျူးကျွန်းရှိ International Convention Center တွင်ပြုလုပ်သည့် Jeju ASEAN Hall ဖွင့်ပွဲအခမ်းအနားသို့ အခြားအာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Park Jin၊ ဂျေဂျူးကျွန်း ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Oh Young-hun နှင့် ASEAN-Korea Centre (AKC) အတွင်းရေးမှူးချုပ် Mr. Kim Hae-Yong နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အမြဲတမ်းဖွင့်လှစ် ပြသသွားနိုင်မည့် Jeju ASEAN Hall ကို International Conference Center တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် အာဆီယံနိုင်ငံများကို မည်မျှအထိအလေးထားကြောင်းဖော်ပြနေပြီး၊ ပြခန်း၏ ဆောင်ပုဒ်ကို “Weaving Values Together” ဟု သတ်မှတ်ပေးထားကာ အာဆီယံနှင့် ကိုရီးယား ပြည်သူများအကြား ဆက်သွယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပေါင်းကူးပေးနိုင်ရေးအတွက် စင်္ကြံတစ်ခု အဖြစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားသွားပါသည်။
အာဆီယံကော်မတီ၊ ဆိုးလ် (ACS) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသံအမတ်ကြီးက အာဆီယံ သံရုံးများကိုယ်စား ပြောကြားရာတွင် ယင်း Jeju ASEAN Hall ပေါ်ပေါက်လာရေးအတွက် ကိုရီးယားနိုင်ငံအစိုးရ၊ ဂျေဂျူးအာဏာပိုင်များနှင့် အာဆီယံသံရုံးများ၏ စုပေါင်းကြိုးပမ်းမှုကြောင့် တစ်နှစ်ကျော်အကြာမှာ ယခုကဲ့သို့ ASEAN Permanent Hall တစ်ခု ဂျေဂျူးကျွန်းတွင် ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံသံရုံးများနှင့် AKC တို့မှ ပံ့ပိုးပေးသည့် အာဆီယံနိုင်ငံများမှ လက်မှုအနုပညာပစ္စည်းများကို အပိုင်း (၄)ပိုင်းခွဲပြီး အသိပညာပေးပြသထားသည့် ပြခန်းတစ်ခုဖြစ်ကာ ဂျေဂျူးကျွန်းသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်း၊ ပြည်ပခရီးသည်များအား အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုကို ပိုမိုသိကျွမ်းရင်းနှီးမှု ပေးနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့်ထည့်သွင်းပြောကြားသွားပါသည်။
ယင်းနောက် မြန်မာသံအမတ်ကြီးသည် (၅၅)နှစ်မြောက်အာဆီယံနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် International Convention Center ရှေ့ရှိ ကွက်လပ်မြေနေရာတွင် ချစ်ကြည်ရေးသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရပါသည်။







