(၁၁-၁-၂၀၂၃ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၁၁-၁-၂၀၂၃ ရက်၊ နံနက် (၁၁၀၀) နာရီတွင် ကမ္ဘောဒီးယားသံအမတ်ကြီးနေအိမ်၌ ကျင်းပသည့် အာဆီယံကော်မတီ-ဆိုးလ် (ASEAN Committee in Seoul-ACS) အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့ အခြေစိုက် အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ACS ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား သံအမတ်ကြီးက ၎င်းတာဝန်ယူစဉ်ကာလအတွင်း ACS အနေဖြင့် အိမ်ရှင်ကိုရီးယားနိုင်ငံအစိုး ရနှင့် ထိတွေ့ ဆောင်ရွက်ခဲ့မှုများ၊ ASEAN Korea Centre (AKC) နှင့် ပူးပေါင်းဆောင်ရွက်၍ ကုန်စည်ပြပွဲများနှင့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုများနှင့် ကိုရီးယားပြည်သူများအား အာဆီယံဒေသ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအား အသိပညာ တိုးမြှင့်ပေးနိုင်ခဲ့မှုများကို ဆွေးနွေးပြောကြားခဲ့ပြီး ACS ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကိုအင်ဒို နီးရှားနိုင်ငံ သံအမတ်ကြီး ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ACS ၏ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူပြီးနောက် အင်ဒိုနီးရှားသံအမတ်ကြီးက လာမည့် (၆) လတာကာလအတွင်း ကော်မတီအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို လအလိုက် ရှင်းလင်းပြောကြားခဲ့ပြီး၊ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။







