(၁၂-၁၁-၂၀၂၂ ရက်၊ ဆိုးလ်)
တောင်ကိုရီးယားနိုင်ငံ၊ International Buddhism Leader Association မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် ကမ္ဘာ့သာသနာ့ခေါင်းဆောင်များအစည်းအဝေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၁၂-၁၁-၂၀၂၂) ရက်နေ့တွင် ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် (National Assembly) ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဇောတိပါလ (မြင်းခြံဆရာတော်) ဦးဆောင်သည့် ဆရာတော် (၅) ပါးနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌဆရာတော်က သာရဏီယဩဝါဒကထာကို ဖတ်ကြားခဲ့ပြီး မြန်မာသံအမတ်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံမှ ဆရာတော်ကြီး (၅) ပါးအပါအဝင် လာအို၊ မွန်ဂိုလီးယား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဆရာတော်ကြီး စုစုပေါင်း (၉) ပါးတို့အား International Buddhism Leader Association မှ ဥက္ကဋ္ဌဆရာတော် Ven. Mok Tak မှ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။









