ကိုင်ရိုမြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးတွင် “Myanmar Showcase: A Presentation on Myanmar’s Culture” အခမ်းအနား ကျင်းပခဲ့ခြင်း

(၁၁-၉-၂၀၁၉ ရက်၊ ကိုင်ရိုမြို့)

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အနုပညာနှင့် မြန်မာနိုင်ငံအတွင်းရှိ လှပသည့် ခရီးသွားဒေသများကို အီဂျစ်နိုင်ငံနှင့် အီဂျစ်ပြည်သူများအကြားတွင် ပိုမိုလူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ လှပသည့် ခရီးသွားဒေသများသို့ သွားရောက်လည်ပတ်နိုင်ရေး အီဂျစ်ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လာစေရန်နှင့် ယဉ်ကျေးမှုမှတစ်ဆင့် မြန်မာ-အီဂျစ် ပြည်သူနှစ်ရပ်အကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်လျက် မြန်မာသံရုံး၊ ကိုင်ရိုမြို့တွင် ၅-၉-၂၀၁၉ ရက်နေ့၌ “Myanmar Showcase: A Presentation on Myanmar’s Culture” အမည်ဖြင့် ယဉ်ကျေးမှုမြှင့်တင်ရေးအခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား မွန်းလွဲ (၁၃၀၀) နာရီမှ (၁၅၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်း H.E. Mr. Fawzi Ashmarwy ၊ အီဂျစ်နိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယလက်ထောက်ဝန်ကြီး Ms. Samiha၊ အီဂျစ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာညွှန်ကြားရေးမှူး Minister Plenipotentiary Mr. Osama Tharwat တို့ အပါအဝင် ဖိတ်ကြားထားသည့် သံတမန်ဧည့်သည်တော်များ၊ အီဂျစ်နိုင်ငံအခြေစိုက် မီဒီယာများနှင့် ခရီးသွားလာရေးကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအား ၅-၉-၂၀၁၉ ရက်နေ့ မွန်းလွဲ (၁၃၀၀) နာရီတွင် စတင်ခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များကို မြန်မာ့ရိုးရာ အစားအသောက်များဖြစ်သည့် အုန်းနို့ခေါက်ဆွဲ၊ တို့ဟူးကြော်၊ လက်ဖက်သုတ်နှင့် အုန်းနို့ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ယင်းနောက်တွင် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ လက်မှုအနုပညာပစ္စည်းများ ရှင်းလင်းပြသသည့် အစီအစဉ်အဖြစ် မြန်မာ့ရိုးရာ စောင်းကောက်၊ ရွှေချည်ထိုးကားချပ်၊ ယွန်းထည်ပစ္စည်း၊ ပုသိမ်ထီး၊ ကျောက်စီပန်းချီကား၊ ကျောက်စိမ်း၊ သနပ်ခါး စသည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ပြုလုပ်ပုံ၊ သမိုင်းကြောင်းများနှင့် အသုံးပြုမှုတို့ကို ရှင်းလင်းပြသခဲ့ပါသည်။

ယင်းနောက်တွင် အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်မှ အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံ၏ ရှုထောင့်အမျိုးမျိုးကို အီဂျစ်ပြည်သူများနှင့် မိတ်ဆက်ပေးနိုင်ရန်အတွက် မိမိတို့သံရုံး၏ ပထမဆုံးခြေလှမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှုအား တင်ဆက်သွားမည်ဖြစ်ကာ အနာဂတ်ကာလများတွင် ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံမှု စသည့် မတူညီသည့်ကဏ္ဍများကို ဆက်လက်တင်ဆက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် အလှမ်းကွာဝေးသည့် နိုင်ငံများဟု ထင်မှတ်ရသော်လည်း အတိတ်ကာလတွင် နှစ်နိုင်ငံအကြား အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် သွားရောက်မှုများ၊ ဘက်မလိုက်လှုပ်ရှားမှု ပူးပေါင်း ဆောင်ရွက်မှုများဖြင့် လွန်စွာနီးကပ်သည့် ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ၁၉၅၅ ခုနှစ် ဧပြီလတွင် အီဂျစ်နိုင်ငံ၏ သမ္မတ Gamal Nasser သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အတာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ပါကြောင်း၊ ယနေ့အခမ်အနားတွင် မြန်မာ့ယဉ်ကျေးမှုကို ပြသကာ မြန်မာနိုင်ငံ၏ အနုပညာများ၊ ခရီးသွားဒေသများကို တင်ဆက်လျက် မြန်မာနှင့် အီဂျစ်ပြည်သူနှစ်ရပ်အကြား ပိုမိုနီးစပ်သည့် ဆက်ဆံမှုတည်ထောင်လာနိုင်ရန် မျှော်လင့်ပါကြောင်း၊ ယဉ်ကျေးမှုအပြင် မြန်မာနိုင်ငံသည် ပွင့်လင်းလွတ်လပ်သည့် စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံ အတွင်းရှိ အမျိုးသားစီမံကိန်းများနှင့် ပုဂ္ဂလိကစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များစွာရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများသည်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ အတွက် ဖြေလျှော့မှု၊ အခွင့်အရေးများစွာ ပေးအပ်ထားပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက်တွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီးဟောင်းမှ အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသကဲ့သို့ လွန်စွာလှပသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားတို့၏ ရိုးသားမှု၊ ယဉ်ကျေးမှုနှင့် ဧည့်ဝတ်ပျူငှာမှုတို့သည် နာမည်ကျော်ကြားပါကြောင်း၊ လွန်ခဲ့သည့်ကာလများအတွင်း မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ သတင်းအချို့ ပေါ်ထွက်ခဲ့သော်လည်း အမှန်စင်စစ်တွင် မြန်မာနိုင်ငံသည် လူမျိုး ၁၃၅ မျိုးနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုတစ်ရပ်ဖြစ်သည့်အတွက် မတူကွဲပြားမှုများကို လက်ခံနားလည်မှု၊ မတူညီသည့် အဖွဲ့အစည်းများ၊ အသိုက်အဝန်းများအကြား ယုံကြည်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်မှုတို့သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ အင်္ဂါရပ်များပင် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက်တွင် ဒုတိယအတွင်းဝန် ဦးကျော်သက်ဆွေမှ မြန်မာနိုင်ငံမိတ်ဆက်၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာများ၊ မြန်မာနိုင်ငံ၏ ခရီးသွားဒေသများနှင့် မြန်မာ့ထွက်ကုန်များကို PowerPoint ဖြင့် တင်ဆက်ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက်တွင် မြန်မာသံအမတ်ကြီး ဦးမြင့်လွင်မှ အခမ်းအနား တက်ရောက်လာသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။