(၇-၅-၂၀၂၅ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ၅-၅-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်မှု (၂၆)နှစ်ပြည့် အထိမ်းအမှတ်နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ Samdech Akka Moha Sena Padei Techo Hun Sen ၏ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားမစတင်မီ H.E. Hun Sen က အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်များ၊ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ တီမောလက်စ်တေသံအမတ်ကြီးတို့နှင့်တွေ့ဆုံ၍ အဓိကအားဖြင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး၊ ဒေသတွင်းပေါင်းစည်းရေးတို့နှင့်စပ်လျဉ်းသည့် ကြိုးပမ်း ဆောင်ရွက်မှုများအပေါ်ဆွေးနွေးခဲ့ကြသည်။ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အခမ်းအနား၌ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Hun Sen က အစိုးရအဖွဲ့ဝင်အဖြစ် ၎င်းတာဝန်ယူဆောင်ရွက်ခဲ့စဉ်အတွင်း အတွေ့အကြုံများ နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့သည့် (၂၆)နှစ်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ၏ပံ့ပိုးကူညီမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းအခမ်းအနားပြီးနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်မှု (၂၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယားအထက် လွှတ်တော် ဥက္ကဋ္ဌ H.E. Hun Sen က တည့်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားများသို့ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn၊ အာဆီယံမဏ္ဍိုင်အသီးသီးမှ ဒုတိယအတွင်းရေးမှူးချုပ်များ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီးနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။

