(၉-၁၁-၂၀၂၂ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၉-၁၁-၂၀၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Sokha Phnom Penh Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံဆိုင်ရာကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက် လျက်ရှိသည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာကိစ္စ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ် ရေးထိုးရေးဆိုင်ရာကိစ္စ၊ အကြိမ် (၄၀) မြောက်နှင့်(၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများအပါအဝင် အာဆီယံ ပြင်ပမိတ်ဖက်ဆက်ဆံရေးနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် ကျင့်ထုံးဆိုင်ရာ ကြေညာချက် (DOC) ထုတ်ပြန်ခဲ့ခြင်း အနှစ်(၂၀)ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံ-တရုတ် ပူးတွဲကြေညာချက်စာတမ်း ထုတ်ပြန်ရန်ကိစ္စအပါအဝင် မြန်မာနိုင်ငံက အာဆီယံ-တရုတ် ဆွေးနွေး ဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ် အာဆီယံ-တရုတ်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာသံအမတ်ကြီးသည် ယင်းနေ့ညနေပိုင်းတွင်ကျင်းပခဲ့သည့် တီမောလက်စ်တေ သမ္မတနိုင်ငံမှ အာဆီယံအဖွဲ့ဝင်အဖြစ်လျှောက်ထားမှုဆိုင်ရာ (၁၄) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီလုပ်ငန်း အဖွဲ့အစည်းအဝေးသို့ ဆက်လက် တက်ရောက်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ ဖနောင်ပင်မြို့နှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။






