(၃၀-၃-၂၀၂၃ ရက်၊ ဖနောင်ပင်)
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အာရှရိုးရာ ဝတ်စားဆင်ယင်မှုပြတိုက် ဘုတ်အဖွဲ့အစည်းအဝေး (Board Meeting of the Mekong Ganga Cooperation Asian Textile Museum) ကို ၃၀-၃-၂၀၂၃ ရက်၊ (၀၉:၀၀)နာရီမှ (၁၀:၀၀) နာရီအထိ ဖနောင်ပင်မြို့ရှိ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ဝန်ကြီး Dr. Phoeurng Sackona နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Dr. Devyani Khobragade တို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံ သံရုံးများမှ သံတမန်များနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာရှရိုးရာ ဝတ်စားဆင်ယင်မှု ပြတိုက်နှင့်ပတ်သက်၍ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေး ထိုးဆောင်ရွက်နိုင်ရေး၊ ပြတိုက်၌ ခင်းကျင်းပြသထားမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် နည်းပညာမြှင့်တင်နိုင်ရေး၊ နှစ်စဉ် နိုင်ငံအလိုက် ပြပွဲများကို ပြတိုက်၌ လက်ခံကျင်းပသွားနိုင်ရေးနှင့် အိန္ဒိယနိုင်ငံမှ အထည်အလိပ် ပညာရှင်များနှင့် ပြတိုက်ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အာရှရိုးရာ ဝတ်စားဆင်ယင်မှုပြတိုက်ကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ဝတ်စားဆင်ယင်မှုများနှင့် အထည်အလိပ်များကို အဓိက ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံမှ ဝတ်စားဆင်ယင်မှုဆိုင်ရာ အမျိုးအစား (၈၀)ခန့် ပါဝင်ပြသထားကြောင်း သိရှိရပါသည်။



