(၂၈–၁၁–၂၀၂၂ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ Svay Rieng ပြည်နယ် လူငယ်အစည်းအရုံးကဦးဆောင်၍ ဖနောင်ပင်မြို့ရှိ စီမံခန့်ခွဲမှုဆိုင်ရာအမျိုးသားတက္ကသိုလ်(National University of Management) ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုနှင့်အနုပညာပြပွဲ (ASEAN Village Program) တွင် ပါဝင်ဆင်နွှဲခဲ့ပါသည်။
ASEAN Village Program ကို ၂၅–၁၁–၂၀၂၂ ရက်၊ မွန်းလွဲ(၁) နာရီမှ စတင်ကျင်းပခဲ့ပြီး ၂၆–၁၁–၂၀၂၂ ရက်တွင်တရားဝင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mrs. Minh Kosiny နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်အများအပြားနှင့် လူငယ်ကျောင်းသား ကျောင်းသူ အမြောက်အမြား တက်ရောက်ခဲ့ကြပါသည်။
ASEAN Village Program တွင် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အာဆီယံသံရုံးများသာမက အာဆီယံနိုင်ငံများမှရိုးရာအစားအသောက်နှင့် အသုံးအဆောင်များ၊ အစားအသောက်များ ရောင်းချသည့် ပုဂ္ဂလိကဆိုင်ခန်းများလည်းပါဝင်ပြသခဲ့ပြီး၊ ညပိုင်းတွင် ကမ္ဘောဒီးယားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့က ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ခဲ့ကြပါသည်။
ဖနောင်ပင်မြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံအလိုက် ဖွင့်လှစ်သည့် ရိုးရာယဉ်ကျေးမှု ပစ္စည်းများကို ခင်းကျင်းပြသရောင်းချခြင်းအပြင် မြန်မာ့ရိုးရာ အစားအသောက်ဖြစ်သည့် အုန်းနို့ခေါက်ဆွဲနှင့် မုန့်ဟင်းခါး၊ မြန်မာတို့၏ ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့လက်ဖက်ရည်တို့နှင့်ပါ နေ့အလိုက် မိတ်ဆက်တည်ခင်းခဲ့ပါသည်။ ၂၆–၁၁–၂၀၂၂ ရက်၌ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာ ပညာတော်သင်များက ဦးရွှေရိုး–ဒေါ်မိုး အက အပြင် ခမာသီချင်းဖြင့်လည်းပါဝင်သီဆိုဖျော်ဖြေခဲ့ကြပြီး ၂၇–၁၁–၂၀၂၂ ရက်၌ ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင်ပြသသည့် Fashion Show တွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။














