ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

(၂၅-၁၁-၂၀၂၅ ရက်၊ ပါရီ)

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးများကို ပါရီမြို့ရှိ ယူနက်စကို ဌာနချုပ်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှ ၂၅ ရက်ထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် အထွေထွေညီလာခံအတွင်း (၂၄) ကြိမ်မြောက် အထွေထွေညီလာခံအစီရင်ခံစာနှင့် ကမ္ဘာ့အမွေ အနှစ်ကွန်ဗင်းရှင်း အထွေထွေညီလာခံ၏ ဒုတိယအကြိမ် အထူးအစည်းအဝေး အစီရင်ခံစာတို့ကို အတည်ပြုခြင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ လှုပ်ရှားဆောင်ရွက်ချက်များအား အတည်ပြုခြင်း၊ ကမ္ဘာ့အမွေအနှစ် ရန်ပုံငွေရှင်းတမ်းများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်အဆိုမူကြမ်းများအပေါ် ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ 

ထို့အပြင် အထွေထွေညီလာခံကာလအတွင်း ၂၄-၁၁-၂၀၂၅ ရက် ၌ ပထဝီဝင်ဒေတာ ဆောင်ရွက်ချက်နှစ်ရပ်ဖြစ်သည့် ယူနက်စကိုနေရာများလမ်းညွှန်နှင့် အတိတ်မှတ်တမ်းများ ပြန်လည် စိစစ်ခြင်း တို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်မျှဝေခြင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါ သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများကို စောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်းနှင့် စီမံခန့်ခွဲ ခြင်း လုပ်ငန်းများကို မြှင့်တင်နိုင်ရေးအတွက် ဂြိုလ်တုဒေတာများ အသုံးပြုမှုအား မြှင့်တင်ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်သစ်များကို ပိုမိုထိရောက်စွာ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ယူနက် စကိုနေရာများလမ်းညွှန်ကို ဆောင်ရွက်လျက်ရှိပြီး https://whc.unesco.org/en/wh-gis/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။