(၃၀-၇-၂၀၂၁ ရက်၊ နေပြည်တော်)
ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေး တစ်ရပ်ကို ၂၉-၇-၂၀၂၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ Arria Formula အစည်းအဝေး၏ သဘောသဘာဝအရ အလွတ်သဘောဆွေးနွေးမှုသာ ဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာထွက်ရှိခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြုဆောင်ရွက်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြားသူများအားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အတား မရှိဘဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။
ယခုအစည်းအဝေးစီစဉ်သူများ၏ ရည်ရွယ်ချက်သည် မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ အခြားပါဝင်ပတ်သက်နေသူများ၏ ကွဲပြားသည့် သဘောထားအမြင်များ ပါဝင်ရမည့်အစား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးထားသည့် တစ်ဖက်သတ် လိုရာဆွဲ ပြောကြားသည့် သတင်းအချက်အလက်များကို အခြေခံဆွေးနွေးခဲ့ကြောင်း တွေ့ရှိရသည်။ မြေပြင်အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်ခြင်းမရှိသူများအား ပါဝင်ရှင်းလင်းတင်ပြစေ ခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းမှ အထင်အမြင်လွဲမှားစေရန် ယင်းအစည်းအဝေးကို စီစဉ်ခဲ့သည်။ ပါဝင်တက်ရောက်သူများတွင် NUG အကြမ်းဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် ရာထူးမှ ထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသူ ဦးကျော်မိုးထွန်းတို့ ပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါအစည်းအဝေးတွင် ၎င်းတို့၏ ပါဝင် တက်ရောက်မှုနှင့် ဆွေးနွေးပြောကြားချက်များအား ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်သည်။
အဆိုပါ အလွတ်သဘောအစည်းအဝေးမတိုင်မီ ၂၆-၇-၂၀၂၁ ရက်က မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrew က အလားတူ အခြေအမြစ်မရှိသည့် အချက်အလက်များ ပါဝင်သည့် သတင်းတစ်ရပ်ကို ထုတ်ပြန်ခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ရန် ယခုနှစ်မကုန်မီ လူဉီးရေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရေး အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်လျင်မြန်စွာ ထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးတို့ အတွက် တပ်မတော်ဘက်မှ ၁၀-၅-၂၀၂၀ ရက်မှ ၃၁-၈-၂၀၂၀ ရက်အထိ အပစ်အခတ်ရပ်စဲ ထားကြောင်းကို စတင်ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးမြှင့်ထားပြီး ဖြစ်သည်။
၂၇-၁-၂၀၂၁ ရက်မှ ၂၁-၇-၂၀၂၁ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ ဝန်ထမ်းအများစုတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတစ်ဝန်း ဦးတည်အုပ်စု (၁၂) စုကို ဦးစားပေးထားရှိကာ ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ မကြာသေးမီက ကာကွယ်ဆေး (၃) သန်း ရောက်ရှိခဲ့ပြီး သြဂုတ်လတွင် နောက်ထပ် (၃) သန်း ထပ်မံရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ဖော်ကိုင်ဖက်များအား ၎င်းတို့၏ ကျွမ်းကျင်သည့် တာဝန်မထမ်းဆောင်နိုင်စေရန် အရှက်ခွဲခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အချိန်တိုအတွင်း တိုးမြှင့် ဖြည့်ဆည်းနိုင်ရေးအတွက် ပူးပေါင်းပါဝင်လိုသူများကို တံခါးဖွင့်ဖိတ်ခေါ်ထားလျက်ရှိသည်။ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအစီအမံများအတွက် တပ်မတော်က အများပြည်သူသို့ ကျန်းမာရေးဝန်ဆောင်မှုများ၊ အထောက်အကူပြုပစ္စည်းများကို ပံ့ပိုး ကူညီလျက်ရှိသည်။
ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်တားဆီးရန် အခြားနိုင်ငံများနည်းတူ မြန်မာပြည်သူများ လက်တွဲကာတွန်းလှန်နေချိန်တွင် အချင်းချင်းစိတ်ဝမ်းကွဲပြားမှုများနှင့် သံသယများဖြစ်ပေါ်စေရန် ဖန်တီးခြင်းကို လက်ခံနိုင်ဖွယ် မရှိပါ။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုမှန်သမျှကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

