ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု မိတ်ဆွေများအဖွဲ့ (ဗီယင်နာ) ထူထောင်သည့် အခမ်းအနားကို ၂၈-၄-၂၀၂၆ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က ကြီးမှူးကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ မိတ်ဆွေများ အဖွဲ့တွင် ပါဝင်သည့် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ထောက်ခံသည့် အဖွဲ့ရုံးများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တရုတ်အမြဲတမ်းကိုယ်စားလှယ် မစ္စတာလီဆွန်းက ကမ္ဘာလုံး ဆိုင်ရာစီမံခန့်ခွဲမှု မိတ်ဆွေများအဖွဲ့ (ဗီယင်နာ) ဖွဲ့စည်းရသည့် အကြောင်းရင်းနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု မိတ်ဆွေများအဖွဲ့ (ဗီယင်နာ) ထူထောင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် အဆိုပြုထား သည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံနှင့် အခြားသောအစီအမံများဖြစ်သည့် ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလူ့ယဉ်ကျေးမှု အစီအမံတို့အပေါ် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ အဓိကသဘောတရား (၅) ခု ဖြစ်သည့် အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ နိုင်ငံတကာတရားဥပဒေစိုးမိုးရေး၊ နိုင်ငံစုံဝါဒ၊ ပြည်သူများကိုအခြေခံမှုနှင့် လက်တွေ့ကျသော ဆောင်ရွက်ချက်တို့ကို အထူးအလေးထားကြောင်းနှင့် ပိုမိုမျှတပြီး အားလုံးပါဝင်မှုရှိသော ထိရောက် သည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်တစ်ခုကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံ၊ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုမိတ်ဆွေများအဖွဲ့ (ဗီယင်နာ) အဖွဲ့ဝင်များနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။



