ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Wang Di ၏ ဖိတ်ကြားမှုအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နေ့လယ် (၁၂၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏နေအိမ်၌ ကျင်းပပြုလုပ်သော အာရှ-ပစိဖိတ်ဒေသသံအဖွဲ့ အလုပ်သဘောနေ့လယ်စာစားပွဲသို့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါနေ့လယ်စာစားပွဲသို့ ကနေဒါဝန်ကြီးချုပ်၏ လွှတ်တော်အတွင်းဝန်ဖြစ်သူ The Honourable Kody Blois အပါအဝင် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကနေဒါနိုင်ငံနှင့် အာရှ-ပစိဖိတ်ဒေသနိုင်ငံများအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားအတွင်း မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဒေသတွင်းဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် တည်ငြိမ်ရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မကြာသေးမီက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း မျှဝေရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မကြာသေးမီက အယ်လ်ဘာတာပြည်နယ်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ကနေဒါနိုင်ငံ၏ စိုက်ပျိုးရေး၊ စွမ်းအင်ဆန်းသစ်တီထွင်မှုနှင့် တာဝန်ယူမှုရှိသော သယံဇာတဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြုံများကို လေ့လာခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါအတွေ့အကြုံများသည် နိုင်ငံများအကြား အသိပညာနှင့် အကောင်းဆုံးနည်းပညာများ ဖလှယ်ရေး၏ အရေးပါမှုကို ဖော်ပြနေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


