ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါ နိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်အစိုးရမှ ဖိတ်ကြားသည့် Calgary Stampede သံတမန်ရေးရာ အစီအစဉ်များသို့ တက်ရောက်

(၆-၇-၂၀၂၆ ရက်နေ့၊ ကယ်လ်ဂရီ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အယ်လ်ဘာတာပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ ကယ်လ်ဂရီမြို့၌ ကျင်းပပြုလုပ်သည့် အယ်ဘာတာ ပြည်နယ် ရိုးရာပွဲတော် Calgary Stampede နှင့်ဆက်စပ်သော သံတမန်ရေးရာအစီအစဉ်များသို့ အာဆီယံကော်မတီ(အော်တာဝါ) မှ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစီအစဉ်များအတွင်း မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦး သည် အယ်လ်ဘာတာပြည်နယ် ဝန်ကြီးချုပ် The Honourable Danielle Smith နှင့် အလုပ်အကိုင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး The Honourable Joseph Schow တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး McDougall Centre ၌ ကျင်းပသည့် VIP အလုပ်သဘောနံနက်စာ စားပွဲနှင့် ဝန်ကြီးချုပ် Danielle Smith ဦးဆောင်ကျင်းပသည့် ပြည်နယ် ရိုးရာ အဖြူရောင် ဦးထုပ်ပွဲတော် (White Hat Ceremony) အခမ်းအနားများသို့ ပြည်နယ်ရိုးရာ ဝတ်စုံ (Western) များ ဝတ်ဆင်၍ ပါဝင်တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုများအတွင်း အယ်လ်ဘာတာပြည်နယ်၏ စီးပွားရေးဦးစားပေးမူဝါဒ များ၊ စွမ်းအင်၊ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး အာဆီယံသံရုံးအကြီးအကဲများ ကလည်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးကလည်း မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများ၊ အစိုးရသစ်၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် အယ်လ်ဘာတာ ပြည်နယ် အကြား စွမ်းအင်၊ စိုက်ပျိုးရေး၊ သဘာဝအရင်းအမြစ်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် အပြန်အလှန် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။