(၁၈-၆-၂၀၂၆၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Ki-mo Lim ၏ ဖိတ်ကြားမှုအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် (ကြာသပတေးနေ့)၊ (၁၂:၀၀) နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၏နေအိမ်၌ ကျင်းပပြုလုပ်သော အာရှပစိဖိတ်ဒေသအုပ်စု သံအဖွဲ့အလုပ်သဘော နေ့လယ်စာစားပွဲအခမ်းအနားသို့ အာရှပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အလုပ်သဘော နေ့လယ်စာစားပွဲအခမ်းအနားသို့ ကနေဒါအောက်လွှတ်တော် အမတ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ The Honourable Perrin Beatty က အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ ကနေဒါ-အမေရိကန် ကုန်သွယ်မှုဆက်ဆံရေး အခြေအနေများ၊ ကမ္ဘာ့လုံခြုံရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိနေသည့် ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့်စပ်လျဉ်း၍ ၎င်း၏အမြင်များကို မျှဝေဆွေးနွေးခဲ့ပါသည်။ အခမ်းအနားတွင် တက်ရောက်လာကြသည့် သံရုံးအကြီးအကဲများကလည်း ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စ ရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အာရှ-ပစိဖိတ်ဒေသနိုင်ငံများနှင့် ကနေဒါနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အခမ်းအနားအတွင်း မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ကနေဒါနိုင်ငံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။



