(၂၄-၄-၂၀၂၆ ရက်၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Muhsin Syihab နှင့် ဇနီး Mrs. Mariam Rahmania Syihab တို့၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် အော်တာဝါ မြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်သော UNESCO ၏ “Memory of the World” အစီအစဉ်အောက်တွင် အင်ဒိုနီးရှားသူရဲကောင်းအမျိုးသမီး Raden Ajeng Kartini ၏ စာလွှာများကို မှတ်တမ်းဝင်စာရင်းသွင်းခဲ့သည့် ပထမနှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အင်ဒိုနီးရှားသံအမတ်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဓိကဧည့်သည်တော်အဖြစ် ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နှင့် နိုင်ငံသားရေးရာ ဝန်ကြီး The Honourable Lena Metlege Diab မှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနားသို့ ကနေဒါ အထက်လွှတ်တော်အမတ် Mary Coyle၊ အောက် လွှတ်တော်အမတ် Iqra Khalid၊ သံအမတ်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ ပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် Raden Ajeng Kartini ၏ ပညာရေး၊ အမျိုးသမီးအခွင့်အရေးနှင့် လူမှုတိုးတက်ရေးဆိုင်ရာ အရေးပါသည့် အထောက်အကူပြုမှုများကို ဂုဏ်ပြုဖော်ပြခဲ့ကြောင်း သိရှိရပါသည်။


