ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ဆိုင်ရာ အထက်လွှတ်တော်အမတ် H.E. Yuen Pau Woo အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်

(၂၆-၂-၂၀၂၆ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ဆိုင်ရာ အထက်လွှတ်တော်အမတ် H.E. Yuen Pau Woo အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီတွင် အော်တာဝါမြို့ရှိ Parliament Hill လွှတ်တော်အဆောက်အအုံအတွင်း ၎င်း၏ရုံးခန်းဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။

တွေ့ဆုံစဉ်အတွင်း အထက်လွှတ်တော်အမတ် Woo က မြန်မာနိုင်ငံအရေးကိစ္စနှင့် စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံအဖွဲ့၏ အဓိကအခန်းကဏ္ဍ (ASEAN Centrality) ကို အားပေးထောက်ခံကြောင်း၊ ဒေသတွင်းနိုင်ငံများသည် မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံ၊ လူမျိုးစုဆိုင်ရာ အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုနားလည်နိုင်မည်ဟု သုံးသပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက အထက်လွှတ်တော်အမတ် Woo အား အလုပ်တာဝန်များပြားသည့်ကြားမှ အချိန်ပေးတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြင်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများနှင့် သမိုင်းကြောင်း သဘောသဘာဝများကို အပြည့်အဝနားလည်နိုင်ရန် ခက်ခဲနိုင်ကြောင်း၊ နိုင်ငံအတွင်းရှိ သက်ဆိုင်သူများ၏ ပါဝင်ဆောင်ရွက်မှုနှင့် အမျိုးသားအခြေပြု ဖြေရှင်းချက်များကသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်းတို့အပြင် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးမှုအခြေအနေများ၊ ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးနှင့် လွှတ်တော်သစ်စတင်နိုင်ရေး ပြင်ဆင်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။