ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူအား လက်ခံတွေ့ဆုံ

(၂၄-၂-၂၀၂၆ ရက်၊ အော်တာဝါ) ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E Mr. Darm Boontham အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် (အင်္ဂါနေ့)၊ (၁၀:၃၀) နာရီတွင် အော်တာဝါမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာ ကိစ္စရပ်များအပါအဝင် ပြည်သူအချင်းချင်း ဆက်သွယ်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ အိမ်ရှင်ကနေဒါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပပြီးစီးမှုအခြေအနေများ၊ လွှတ်တော်သစ် စတင်နိုင်ရေးနှင့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အသိပေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။