ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ မော်ရိုကိုသံအမတ်ကြီးအား သွားရောက်တွေ့ဆုံနှုတ်ဆက်

(၂၇-၁၁-၂၀၂၅ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် သံအဖွဲ့နာယကဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ မော်ရိုကိုသံအမတ်ကြီး H.E Mrs. Souriya OTMANI အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် (ကြာသပတေးနေ့)၊ (၁၄:၀၀) နာရီတွင် အော်တာဝါမြို့ရှိ မော်ရိုကိုသံရုံးသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံစဉ် မော်ရိုကိုသံအမတ်ကြီးက ၎င်းအနေဖြင့် သံအဖွဲ့နယကအဖြစ် တာဝန် ယူစဉ်ကာလအတွင်း အတွေ့အကြုံများကို မျှဝေခဲ့ပြီး အိမ်ရှင်နိုင်ငံဖြစ်သည့် ကနေဒါနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတိုးမြှင့်ရန်အတွက် ဖက်ဒရယ်အစိုးရအဖွဲ့ဝင်များနှင့် သာမက ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်လည်း ထိတွေ့ဆက်ဆံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများ မြှင့်တင်ရေး၊ ယဉ်ကျေးမှုပြပွဲများမှတစ်ဆင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရေး အကြုံပြုချက်များကို ပေးအပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ နိုင်ငံနှင့် မော်ရိုကို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ဆက်သွယ် ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီစနစ် အကောင် အထည်ဖော်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုများနှင့် စပ်လျဉ်း ၍ အသိပေးပြောကြားခဲ့ပြီးနောက် မော်ရိုကိုသံအမတ်ကြီးထံသို့ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ 

မော်ရိုကိုသံအမတ်ကြီး H.E Mrs. Souriya OTMANI သည် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကနေဒါနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ယခုလက်ရှိတွင် ကနေဒါအခြေစိုက် နိုင်ငံခြားသံရုံး (၁၃၃) ရုံး ၏ သံအဖွဲ့ နယကအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။