ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် စင်ကာပူနိုင်ငံအခြေစိုက် ကနေဒါနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Sam Tan က ကနေဒါနိုင်ငံသို့ ခရီးစဉ် ရောက်ရှိစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၂၀၀ နာရီတွင် အော်တာဝါမြို့ရှိ Beckta Dining and Wine Bar ၌ အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ သံရုံးအကြီးအကဲများအား တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာ စားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အလုပ်သဘောနေ့လယ်စာစားပွဲတွင် စင်ကာပူသံအမတ်ကြီး H.E. Mr. Sam Tan က ကနေဒါ-စင်ကာပူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍစုံအလိုက် ဆွေးနွေးပြော ကြားခဲ့ပြီး၊ အထူးသဖြင့် သန့်ရှင်းသောစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နျူကလီးယား စွမ်းအင်ကဏ္ဍတွင်လည်း နှစ်နိုင်ငံအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များအပေါ် အလေးပေးဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အလုပ် သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်လာသော သံရုံးအကြီးအကဲများသည် အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆောင်ရွက် နေမှု အခြေအနေများ၊ အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေးနှင့် ကုန်သွယ်ရေး ကြံခိုင်မှု စွမ်းအား တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ၊ ကနေဒါနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်


