(၂၃-၇-၂၀၂၅ ရက်၊ ကင်ဘာရာ)
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အာဆီယံအဖွဲ့ ဖွဲ့စည်းတည်ထောင်သည့် (၅၈) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ကင်ဘာရာမြို့ရှိ မြန်မာသံရုံးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများ ပူးပေါင်း၍ အာဆီယံနေ့အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ နေ့လယ် ၁၂:၀၀ နာရီတွင် ကင်ဘာရာမြို့ရှိ Hyatt Hotel ၌ ကျင်းပခဲ့ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းနှင့် သံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန အကြီးအကဲ Mr. Jonathan Muir က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနများမှ ဧည့်သည်တော်များ၊ အာဆီယံ-ဩစတြေးလျစင်တာမှ တာဝန်ရှိသူများ၊ ကင်ဘာရာမြို့အခြေစိုက် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) အဖွဲ့ဝင်နိုင်ငံသံရုံးများနှင့် အခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံတမန်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။ အခမ်းအနား၌ ကင်ဘာရာမြို့ရှိ အာဆီယံအဖွဲ့ဝင်သံရုံးများ၏ အမျိုးသမီးများအဖွဲ့က ဧည့်သည်တော်များအား အာဆီယံသီချင်းဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။

