(၂၄-၇-၂၀၂၃ ရက်၊ ကင်ဘာရာ)
ကင်ဘာရာမြို့ အခြေစိုက် အာဆီယံ-ကင်ဘာရာ ကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အင်ဒိုနီးရှားသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံ-ကင်ဘာရာ ကော်မတီအစည်းအဝေးနှင့် လာအိုသံရုံးသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူး လွှဲပြောင်းသည့် အခမ်းအနား တို့ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားသံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ACC အနေဖြင့် ဩစတြေးလျအစိုးရ တာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံ၍ ဩစတြေးလျ-အာဆီယံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စတုတ္ထအကြိမ်မြောက် Australia-ASEAN Business Forum အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း၊ National Multicultural Festival ၌ ASEAN Showcase အား အောင်မြင်စွာပြသနိုင်ခဲ့ခြင်း၊ ဩစတြေးလျနိုင်ငံ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အထူးသံတမန် H.E. Nicholas Moore နှင့် နိုင်ငံခြားရေးရာ Shadow Minister ဖြစ်သူ H.E. Senator the Honourable Simon Birmingham တို့နှင့်တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုရလဒ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေး၌ ACC အလှည့်ကျဥက္ကဋ္ဌရာထူးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ တာဝန်ယူဆောင်ရွက်မည့် လာအိုသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။



