ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘရူနိုင်းဒါရုဆလမ် သံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၃/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီတွင် ကင်ဘာရာမြို့ရှိ Hyatt ဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ဩစတြေးလျနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ် သံအမတ်ကြီး H.E. Ms. Nooraslena Sallehuddin က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများသည် အာဆီယံ-ကင်ဘာရာကော်မတီ သံရုံးအကြီးအကဲများ အစည်းအဝေး (၂/၂၀၂၆) ၏ အစည်းအဝေးမှတ်တမ်းကို ဆွေးနွေးအတည်ပြုခဲ့ပြီး လာမည့်ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပသွားရေးအပါအဝင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၃/၂၀၂၆) သို့ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်ခဲ့ခြင်း (၂၃-၇-၂၀၂၆၊ ကင်ဘာရာ)

