(၈-၁၂-၂၀၂၅ ရက်၊ ကင်ဘာရာ)
ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၄/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီတွင် ထိုင်းသံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ဩစတြေးလျနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Ms. Arjaree Sriratanaban က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၈-၇-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၃/၂၀၂၅) ၏ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ဆောင်ရွက်သွားမည့် အဆိုပြုလုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးအပြီးတွင် ထိုင်းသံအမတ်ကြီး H.E. Ms. Arjaree Sriratanaban က အာဆီယံ-ကင်ဘာရာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Pham Hung Tam ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
*************************


