ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့၌ (၅၂)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်း

 

(၁၄-၈-၂၀၁၉ ရက်၊ ကင်ဘာရာမြို့)

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ ASEAN Committee in Canberra ၏ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့် ဦးဆောင်လျက် (၅၂)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားကို ၁၃-၈-၂၀၁၉ ရက်တွင် ကင်ဘာရာမြို့ရှိ Albert Hall တွင် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဂုဏ်ထူးဆောင်အထူးဧည့်သည်အဖြစ် ဩစတြေးလျနိုင်ငံဘုရင်ခံချုပ် (Governor-General of the Commonwealth of Australia) General the Honourable David Hurley AC DSC (Retd) နှင့် ဇနီးဖြစ်သူ Mrs. Linda Hurley၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး Angus Campbell၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်များနှင့် အာဆီယံအဖွဲ့ဝင် သံအမတ်ကြီးများနှင့် သံရုံးဝန်ထမ်းများ၊ သံတမန်နာယက၊ အာဆီယံနှင့်စပ်လျဉ်းသည့် သံတမန်အသိုက်အဝန်းမှ သံအမတ်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ခံပုဂ္ဂိုလ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီး၏ ကိုယ်စီအသိုက်အဝန်းမှ ပုဂ္ဂိုလ်များ၊ မြန်မာပညာတော်သင်များနှင့် ဧည့်သည်တော်များ စုစုပေါင်း(၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သံအမတ်ကြီးနှင့် ဩစတြေးလျနိုင်ငံဘုရင်ခံချုပ် General the Honourable David Hurley တို့က နိုင်ငံ့ခေါင်းဆောင်များ အသီးသီးနှင့် ပြည်သူများအတွက် အပြန်အလှန် ဆုမွန်ကောင်းတောင်းခဲ့ကြပြီး အာဆီယံ-ဩစတြေးလျ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆိုင်ရာ မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား အာဆီယံနိုင်ငံများမှ ရိုးရာအစားအစာများဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။ ဩစတြေးလျနိုင်ငံ ဘုရင်ခံချုပ်နှင့် ဇနီးဖြစ်သူတို့က အာဆီယံသံရုံးများမှ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံမှုအား လှည့်လည်ကြည့်ရှု အားပေးသုံးဆောင်ခဲ့သည်။ မြန်မာသံရုံးမှ မြန်မာ့ရိုးရာဆီထမင်း၊ စားတော်ပဲပြုတ်နှင့် ဘာလချောင်ကြော်တို့ဖြင့် ကောင်းမွန်စွာ တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ၊ အချက်အလက်၊ စာရွက်စာတမ်းများကိုလည်း ချပြ/ ဝေငှခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။