ဒုတိယအကြိမ် မြန်မာ-တောင်အာဖရိက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း

(၁၄-၈-၂၀၁၉ ရက်၊ ပရီတိုးရီးယားမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တောင်အာဖရိကသမ္မတနိုင်ငံ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-တောင်အာဖရိက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့၌ ၁၂-၈-၂၀၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တောင်အာဖရိကနိုင်ငံဘက်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အာရှနှင့် အရှေ့အလယ်ပိုင်းဌာန၊ အကြီးအကဲဖြစ်သူ သံအမတ်ကြီး Mr. Anil Sooklal တို့မှ ဦးဆောင်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်ဆွေနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကြီး H.E. Mr. Geoffrey Quinton Mitchell Doidge တို့လည်း တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာ-တောင်အာဖရိက နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍ၊ တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေးတွင် အတွေ့အကြုံနှင့် နည်းပညာများ အပြန်အလှန်ဖလှယ် အကူအညီပေးအပ်ရေးကိစ္စ၊ နှစ်နိုင်ငံ သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အကြား ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် ခရီးသွားလာမှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မြန်မာအစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် ရရှိထားပြီးဖြစ်သည့် သဘောတူညီမှုများနှင့် အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက် လျက်ရှိသည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အဆိုပါကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ အဖွဲ့ကြီးနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာ-တောင်အာဖရိက နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကူအညီပေးအပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် တောင်အာဖရိကနိုင်ငံ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. Candith Mashego-Dlaminni အား ၁၃-၈-၂၀၁၉ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-တောင်အာဖရိက နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ တောင်အာဖရိက နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကဏ္ဍတွင် မြန်မာနိုင်ငံမှ အကူအညီပေးအပ်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာကမ်းစပ်နိုင်ငံများအဖွဲ့ (Indian Ocean Rim Association – IORA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးတွင် တောင်အာဖရိကနိုင်ငံမှ အကူအညီပေးအပ်သွားမည့် ကိစ္စရပ်များ၊ (၂၀၂၀) ပြည့်နှစ်တွင် မြန်မာ-တောင်အာဖရိက နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု (၂၅) နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပရေးကိစ္စ၊ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပပြုလုပ်မည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေးအတွက် တောင်အာဖရိကနိုင်ငံမှ ဖိတ်ကြားသွားမည့် ကိစ္စရပ်များ၊ တောင်အာဖရိကနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှု အတွေ့အကြုံများအား မြန်မာနိုင်ငံသို့ မျှဝေဖလှယ်သွားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။