ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကေသီစိုး ချက်ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအား သွားရောက်တွေ့ဆုံခဲ့ခြင်း

(၁၃-၈-၂၀၁၉ ရက်နေ့၊ ပရာ့ဂ်မြို့)

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကေသီစိုးသည် ချက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး M.E. Mr. Martin Tlapa အား ၁၃-၈-၂၀၁၉ ရက်နေ့၊ နံနက် (၁၁၀၀) နာရီအချိန်တွင် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချက်နိုင်ငံခရီးစဉ်အတွင်း သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲများ၊ လွှတ်တော်အကြီးအကဲများနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်နိုင်ရေးအတွက်လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာကောင်းများစွာရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်ရာတွင် တူညီသောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ကြရကြောင်း၊ ချက်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဥရောပ နိုင်ငံများအကြား ကုန်သွယ်မှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ၏ ဥရောပသမဂ္ဂသို့ ကုန်သွယ်မှု ဝင်ပေါက်အဖြစ် ပူးပေါင်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

သံအမတ်ကြီးမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများပေးအပ်ရေး၊ မြန်မာလူငယ်များ ချက်နိုင်ငံတွင် ပညာသင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများ ပိုမိုဖော်ဆောင်ပေးခြင်းဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြုနိုင်ရေး၊ မြန်မာကျွမ်းကျင်လုပ်သားများ ချက်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး၊ ချက်နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံများသို့ တရားဝင်ကုန်သွယ်မှု မြှင့်တင်ရေး၊ ချက်နိုင်ငံထုတ် စက်မှုလယ်ယာသုံးထုတ်ကုန်များ မြန်မာတောင်သူများ အသုံးပြုခွင့် ရရှိရေးအတွက် ချက်အစိုးရမှ ပို့ကုန်ဆိုင်ရာချေးငွေများ ထောက်ပံ့ပေးရေး စသည်တို့ ရင်းနှီးပွင့်လင်းစွာဖြင့် အကျယ်တဝင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။