ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ တက်ရောက်မိန့်ခွန်းပြောကြား

(၃-၈-၂၀၁၉ ရက်၊ နယူးယောက်မြို့)

၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များကို အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် ပြည်တွင်း၌ ကြိုတင်ကာကွယ်ရေး ယန္တရားများအပြင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ အထူးသဖြင့် ကုလသမဂ္ဂနှင့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို မကြာမီက အတည်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ကလေးသူငယ်များအပေါ် ကျူးလွန်မှု (၆) ရပ်မှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။