(၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် (တတိယနေ့)

 
 

(၁-၈-၂၀၁၉၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် သြဂုတ်လ ၁ ရက်တွင် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယ၊ ကနေဒါ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံတို့နှင့် ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Honourable Chrystia Freeland နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် (၁၂) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၁၀) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတို့ သို့လည်း တက်ရောက်ခဲ့ပါသည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံခြားရေးဝန်ကြီးများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ASEAN-Australia Counter-Trafficking (ASEAN-ACT) Initiative စတင်သည့် အခမ်းအနားနှင့် ASEAN-China Young Leaders Scholarship စတင်သည့် အခမ်းအနားများသို့လည်း အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၁-၈-၂၀၁၉ ရက်၊ ၁၀:၂၅ နာရီအချိန်တွင် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင်၏ ဒုတိယဥက္ကဌ H.E Ms. Federica Mogherini နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့်အီးယူအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အဆိုပါ လုပ်ငန်းစဉ်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHAစင်တာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ သွားရောက်ကာ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အစိုးရ၏ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကိစ္စရပ်များကို Go and Tell လုပ်ငန်းစဉ်နှင့်အညီ သွားရောက် ရှင်းလင်းပြောကြားခဲ့မှုများ၊ (၃၄) ကြိမ်မြာက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံ ဆန်းစစ်လေ့လာရေးအဖွဲ့၏ အကြံပြုချက် (၃)ရပ်ကို ဆက်လက်အကောင်အထည်ဖော်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်အား တာဝန်ပေးအပ်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင်၏ ဒုတိယဥက္ကဌကလည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သော မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် တိုးတက်မှုများအပေါ် ဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိစ္စနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက် အကူအညီ ပေးအပ်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။