ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် (ပထမနေ့)

(၃၁-၇-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲတို့သို့ အခြားအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အလုပ်သဘောညစာစားပွဲ၌ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်၊ တောင်တရုတ်ပင်လယ်အရေးကိစ္စရပ်တို့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင် မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို လေ့လာသည့် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များအား ဆက်လက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။

ယင်းအစည်းအဝေးများမတိုင်မီ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်ဝီနိုင်းနှင့် ဇူလိုင်လ ၃၀ ရက်၊ နေ့လယ် ၁၄၀၀ နာရီအချိန်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အာဆီယံအဖွဲ့ကြီးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။