(၂၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပင်လယ်ကြမ်းပြင်အဖွဲ့ အထွေထွေညီလာခံအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း

(၂၇-၇-၂၀၁၉ ရက်၊ ကင်စတန်မြို့)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ဂျမေကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဂျမေကာနိုင်ငံ၊ ကင်စတန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ (International Seabed Authority-ISA) ၏ (၂၅) ကြိမ်မြောက် ထွေထွေညီလာခံအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ပြီး မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာ၌ ပင်လယ်ကြမ်းပြင်မှ ဓာတ်သတ္တုများ တူးဖော်ရန် နည်းဥပဒေများ (Regulations for Exploration of Mineral Resources in the Area) ရေးဆွဲရာတွင် ဥပဒေအရ စည်းနှောင်မှုရှိသည့် တူးဖော်ရေးလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် စံနှုန်းများ ရေးဆွဲပြဋ္ဌာန်းခြင်း လုပ်ငန်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်သင့်ကြောင်း၊ ပင်လယ်ကြမ်းပြင်၌ တူးဖော်ရေးလုပ်ငန်းများ မစတင်မီ ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်း စီမံခန့်ခွဲမှုအစီအမံများ (Regional Environmental Management Plans-REMPs) ချမှတ်နိုင်ရန် လိုအပ်ကြောင်း၊ အဏ္ဏဝါတွင်းထွက်ဆိုင်ရာ သုတေသနလုပ်ငန်းများ၏ ရလဒ်များကို အများသိရှိနိုင်အောင် ဖြန့်ဝေပေးသင့်ကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

အမြဲတမ်းကိုယ်စားလှယ်သည် အထွေထွေညီလာခံအစည်းအဝေးကာလအတွင်း ၂၅-၇-၂၀၁၉ ရက်၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ တည်ထောင်သည့် (၂၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့လည်း ပါဝင်တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကား ပါဝင်ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကီလိုမီတာ (၂,၀၀၀) ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ပြီး ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ ISA ၏ အခန်းကဏ္ဍကို အထူး အလေးထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ISA ၏ ဘဏ္ဍာရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၂ ခုနှစ်ကတည်းက ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်ခွင့်ရသည်ကို ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါကြောင်း၊ ISA (၂၅) နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပြခန်းတွင် ပြသထားရန်အတွက် မြန်မာနိုင်ငံအစိုးရက အမျိုးသားယဉ်ကျေးမှုသုခုမလက်ရာ စောင်းကောက်တစ်လက်ကို ISA သို့ လှူဒါန်းနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ISA ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံ၍ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်သည် အထွေထွေညီလာခံအစည်းအဝေးကာလအတွင်း ဂျမေကာနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် H.E. Ms. Marcia Gilbert-Roberts နှင့် ၂၅-၇-၂၀၁၉ရက်နေ့ နံနက် ၁၁၀၀ နာရီအချိန်တွင် Jamaica Conference Centre ရှိ Suite Office ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်လင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

ထို့နောက် အမြဲတမ်းကိုယ်စားလှယ်သည် ၂၆-၇-၂၀၁၉ရက်နေ့ ညနေပိုင်း၌ ကင်စတန်မြို့ Red Hill လမ်းရှိ မြန်မာဘုန်းကြီးကျောင်း၌ ဂျမေကာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲ၌ သံအမတ်ကြီးက လက်ရှိပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် ဆောင်ရွက်နေမှုများ၊ ကောင်စစ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea-UNCLOS) သည် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာကို အပိုင်း (၆) ပိုင်းဖြင့် ခွဲခြားသတ်မှတ်ထားပြီး ယင်းတို့အနက် အပိုင်း (၄) ပိုင်းတွင် ကမ်းရိုးတန်းနိုင်ငံများ၏ တရားစီရင်ပိုင်ခွင့်သည် သဏ္ဌာန်အမျိုးမျိုးဖြင့် တည်ရှိကြောင်း သတ်မှတ်ထားပါသည်။ ယင်းတို့မှာ ပိုင်နက်ပင်လယ် (Territorial Sea)၊ ဆက်စပ်ဇုန် (Contiguous Zone)၊ သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone)နှင့် ကမ်းလွန်ရေတိမ်ပိုင်း (Continental Shelf) တို့ဖြစ်သည်။ ကျန် (၂) ပိုင်းမှာ နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့်ပြင်ပရှိ ပင်လယ်ပြင် (High Sea) နှင့် ကမ်းလွန်ရေတိမ်ပိုင်းပြင်ပ ပင်လယ်ကြမ်းပြင်ဧရိယာ (the Area) တို့ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ ကမ်းလွန်ရေတိမ်ပိုင်းပြင်ပ ပင်လယ်ကြမ်းပြင်ဧရိယာကို လူသားတစ်ရပ်လုံ၏ ဘုံအမွေအနှစ် (Common Heritage of Mankind) အဖြစ် UNCLOS ကွန်ဗင်းရှင်းက သတ်မှတ်ထားပြီး၊ ယင်းဧရိယာရှိ ပင်လယ်ကြမ်းပြင်မှ အဏ္ဏဝါဓာတ်သတ္တု တွင်းထွက်များ ရှာဖွေတူးဖော်ခြင်းကို စီမံအုပ်ချုပ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ (International Seabed Authority-ISA) ကို UNCLOS ကွန်ဗင်းရှင်း အာဏာသက်ဝင်သည့် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ အထက်ဖော်ပြပါ ပင်လယ်ကြမ်းပြင်မှ ဓာတ်သတ္တုများကို စူးစမ်းရှာဖွေသည့် လုပ်ငန်းများကိုသာမက တူးဖော်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ခွင့်ပြုနိုင်ရန်အတွက် ဓာတ်သတ္တု ရှာဖွေတူးဖော်ရေးဆိုင်ရာ နည်းဥပဒေများ (Regulations for Exploration of Mineral Resources in the Area ) ကို အဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းရေးဆွဲလျက်ရှိပြီး မကြာမီကာလတွင် အတည်ပြုချမှတ်သွားရန် ရှိပါသည်။ ယင်းနည်းဥပဒေများကို အတည်ပြုချမှတ်ပြီးပါက ပင်လယ်ကြမ်းပြင်မှ ဓာတ်သတ္တုများကို ရှာဖွေတူးဖော်လာနိုင်မည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန်အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းများက ISA သို့ အခကြေးငွေ ပေးသွင်းရမည်ဖြစ်ပါသည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ISAသို့ ပေးသွင်းရမည့် နှုန်းထားနှင့် ရရှိလာမည့် အကျိုးအမြတ်များကို နိုင်ငံများသို့ သာတူညီမျှဖြစ်မည့် နှုန်းထားဖြင့် ခွဲဝေပေးနိုင်ရေးအတွက် ကိုလည်း ISA ၌ ဆွေးနွေးညှိနှိုင်းလျက် ရှိကြဆဲဖြစ်ကြောင်း သိရှိရပါသည်။