နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်သည့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ခြင်း

(၉-၇-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅) နှစ်စီမံကိန်း (၂ဝ၁၇-၂ဝ၂၂) ၏ ၂ဝ၁၉ ခုနှစ်၊ လုပ်ငန်းစီမံချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်သည့် အသိပညာပေးဟောပြောပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမတွင် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ နေ့လယ်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်ဟောပြောပို့ချခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ မကြာမီ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း ဝန်ထမ်း (၆ဝ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။