နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်သင်တန်းကျောင်း အဆောက်အဦးဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခြင်း

(၈-၇-၂၀၁၉ ရက်၊ နေပြည်တော်)

သံတမန်သင်တန်းကျောင်း (ရန်ကုန်) ဆောက်လုပ်ရန်အတွက် အဆောက်အဦးဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်း အစီအစဉ်နှင့် သင်တန်းကျောင်းအဆောက်အဦး ဗိသုကာဒီဇိုင်းပုံစံများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသူများနှင့် ပဏာမအဆင့် ဗိသုကာပုံစံများ စိစစ်ရွေးချယ်ခံရသူ ဗိသုကာပညာရှင်အဖွဲ့ (၅) ဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမန်အဖွဲ့အစည်း Friedrich-Ebert-Stiftung (FES) တို့ပူးပေါင်း၍ ၈-၇-၂၀၁၉ ရက်၊ နံနက် ၁၀၃၀ နာရီတွင် ရန်ကုန်မြို့ရှိ WYNDHAM GRAND ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဗိသုကာဒီဇိုင်းပုံစံများ စိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များနှင့် သံတမန်သင်တန်းကျောင်း ဗိသုကာပုံစံ အတည်ပြုရွေးချယ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသော ဗိသုကာပုံစံ များ စိစစ်ရွေးချယ်ရေးဂျူရီအဖွဲ့ဝင်များနှင့် ဦးဒင်ဇယ်အေဘယ်လ် (ညွှန်ကြားရေးမှူး-ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အဖွဲ့အား အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပဏာမအဆင့် ရွေးချယ်ခြင်းခံရသော ဗိသုကာပညာရှင်အဖွဲ့ (၅) ဖွဲ့အား ဦးဒင်ဇယ်အေဘယ်လ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါ သည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်သင်တန်းကျောင်း တည်ထောင်နိုင်ရေးဆိုင်ရာ အတိုင်ပင်ခံပညာရှင်များအဖွဲ့၊ သံတမန်သင်တန်းကျောင်း ဆောက်လုပ်နိုင်ရန်အတွက် ဗိသုကာပုံစံများ စိစစ်ရွေးချယ်ရေးဂျူရီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဗိသုကာအသင်းမှ တာဝန်ရှိသူများ၊ ဗိသုကာဒီဇိုင်း ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းများနှင့် ဂျာမန်အဖွဲ့အစည်း Friedrich-Ebert-Stiftung (FES) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။